နေပြည်တော် ၊ အောက်တိုဘာ ၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည် - ပုဂံရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး တံတားရေလည်တိုင် နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏အခြေအနေ၊ ရထားလမ်းတာဘောင်ရေတိုက်စားမှုကြောင့် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာဘောင်နေရာများ၏ အခြေအနေ၊ တံတားအမှတ် - ၂၈၈ ၏ ပုဂံဘက် ကမ်းကပ်ခုံ မြေကာနံရံပြိုလဲမှု ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် အဆိုပါ ရထားလမ်းပိုင်းရှိ ပြလို့ - ထောက်ကြံ့တိုင်ဘူတာကြား ရထားလမ်းပိုင်း အခြေအနေအား အောက်တိုဘာလ(၃) ရက်နေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သွားရောက်စစ်ဆေးသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပြည်-ပုဂံ ရထားလမ်းပိုင်း၊ ဆတ်သွား-ပရပ်ကြယ်ကြားရှိ တံတားအမှတ်-၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏ တံတားရေလည်တိုင် အမှတ် (၂) နှင့် အမှတ် (၃) တို့ နိမ့်ကျမှု ဖြစ်ပွားခဲ့မှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေးအတွက် တံတားပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်ကို အမြန်ဆုံးဆောင်ရွက်ရန်၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျ စုဖွဲ့အသုံးပြု၍ စနစ်တကျ ပြန်လည် ပြုပြင် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါ ရထားလမ်းပိုင်းရှိ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားကြောင့် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ပရပ်ကြယ် - ကိုးပင်ကြားရှိ ရထားလမ်း တာဘောင်ရေတိုက်စားမှုများနှင့် ကိုးပင် - လှေဝန်းကြားရှိ တံတားအမှတ် - ၂၈၈ ၏ ကမ်းကပ်ခုံ မြေကာနံရံပြိုလဲမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအား စစ်ဆေးခဲ့ပြီး ရေများပြန်လည် ကျဆင်း သွားပါက ရေတိုက်စားခံရသည့် တာဘောင်နေရာများအား သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းခင်းကျောက်များ ပြန်လည်ဖြည့်သွင်းပြီး စနစ်တကျပတ်ကင်ရိုက်ခြင်း၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြန်လည်စစ်ဆေး ပြုပြင်ခြင်းများ ဆောင်ရွက်သွားရန်နှင့် ရထားလမ်း အမြန်ပြန်လည်ဖွင့်လှစ်၍ ရထားပြန်လည် ပြေးဆွဲနိုင်ရေး မြန်မာ့မီးရထားရုံးချုပ်မှ လိုအပ်သည့် ပစ္စည်များထောက်ပံ့ ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးသည် အဆိုပါ လမ်းပိုင်းရှိ ပြလို့ - ထောက်ကြံ့တိုင်ဘူတာကြားရှိ မအူခုံတောင်ကြားတွင် ဖောက်လုပ်ထားသည့် ရထားလမ်းပိုင်းသည် စမ်းပေါက်နေသော ရွှံ့မြေတောင်ကြောအား ဖြတ်သန်းဖောက်လုပ်ထားခြင်းကြောင့် မိုးရာသီတွင် ရွှံ့မြေများပြိုကျပြီး လမ်းပိတ်ဆို့ခြင်းတို့ ဖြစ်ပေါ်လျက်ရှိပြီး ရထားမတော်တဆမှုများနှင့် ကြန့်ကြာမှုများ မကြာခဏကြုံတွေ့နေရသဖြင့် ရွှံ့မြေများပြိုကျပြီး လမ်းပိတ်ဆို့မှုများ ထပ်မံမဖြစ်ပွားစေရေး မြေထိန်းနံရံ(Gabion Retaining Wall) ဖြင့် ပြုပြင်တည်ဆောက်နိုင်မည့် အခြေအနေတို့အား သွားရောက်စစ်ဆေးခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေတို့အား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

