ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁  

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၃၁ ရက်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့်မိသားစုဝင်များ အခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာသို့  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အိမ်ရာဝင်းအတွင်း သောက်ရေသုံးရေရရှိရေးဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားရှိမှု၊ အိမ်ရာဝင်းအတွင်းရှိလမ်းများကို ရာသီမရွေးအသုံးပြုနိုင်ရန် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ထားရှိမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဝန်ထမ်းနှင့်မိသားစုဝင်များ ကျန်းမာရေးအတွက် ယင်လုံ အိမ်သာများ စနစ်တကျ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြပါသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မကြာမီ ပွင့်လင်းရာသီသို့ရောက်ရှိ တော့မည်ဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်၊ အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိသွားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားရန်၊ နွေရာသီ၌ အပူဒဏ်သက်သာစေရန်အတွက် အမိုးအဖီများကို စနစ်တကျ ခိုင်ခံ့စွာ ပုံစံတူ ပြုလုပ်ပေးရန်၊ အိမ်ရာဝင်းလုံခြုံရေး စနစ်တကျတာဝန်ချဆောင်ရွက်ပေးရန်၊ ဝန်ထမ်းမိသားစုများ၏ အရေးပေါ် ကျန်းမာရေးကိစ္စများ ဖြစ်ပေါ်လာပါက အနီးစပ်ဆုံးဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ထားရန်၊ မိသားစု၏ ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျောင်းကားစီစဉ်ပေးရန်၊ ရုံးခြံစည်းရိုးအတွင်း/အပြင် မီးတားလမ်း ဆောင်ရွက်ထားရန်၊ အိမ်သာနောက်ဘက်ရှိ ခြုံနွယ်များရှင်းလင်းဆောင်ရွက်ရန်၊ မီးဖိုချောင်သုံး စားပင်သီးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်၊ ဝန်ထမ်းများအားလုံး ယခုကဲ့သို့ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို  တာဝန်ရှိသူများက အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန