တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပါဝင်တက်ရောက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နေပြည်တော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ပါဝင် တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။ ထို့အပြင် ဖိုရမ်သို့ မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု စင်တာနှင့် မဲခေါင်မြစ်ကော်မရှင် အပါအဝင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင် တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်းရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်၏ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းတစ်ရပ် ပဝင်ပြောကြားခဲ့သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များသည်လည်း ဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုသို့ ပါဝင် တက်ရောက် ဆွေးနွေးခဲ့သည်။ ယခုကျင်းပသည့် ဖိုရမ်၏ ရလဒ်အဖြစ် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ အကြံပြုချက်များကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။

ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဒေသစံတော်ချိန် နံနက် ၁၀၃၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာတန်ရူဗင်နှင့် သီးခြား တွေ့ဆုံခဲ့သည်။

တရုတ်ဒုတိယဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်ရေး၊ မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေသွားရေး၊ ရေနှင့် ဆက်စပ်သည့် စိန်ခေါ်မှုများ ဖြေရှင်းသွားရေး တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ လီဂူရင်က မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြု ဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။