တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့ရေညီလာခံသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပါဝင်တက်ရောက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

အပြည်ပြည်ဆိုင်ရာရေအရင်းအမြစ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရေအရင်းအမြစ် ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ၂၀၂၃ ခုနှစ်၊ စက်တက်ဘာလ ၁၁ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေ ညီလာခံ” သို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံ၏ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း(၆၀)ကျော်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းပေါင်း(၃၀)ကျော်မှ ရေအရင်းအမြစ်ဆိုင်ရာပညာရှင်များနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် (၁၈) ကြိမ်မြောက် ကမ္ဘာ့ရေညီလာခံ၏ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး၊ ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ အတူတကွ ရိုက်ကူးခဲ့သည်။ ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့ တက်ရောက်လာကြသည့် အဆင့်မြင့် ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

(၁၈) ကြိမ်မြောက် ကမ္ဘာ့ရေညီလာခံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုကျင်းပသည့် ညီလာခံ၏ရလဒ်အဖြစ် “ပေကျင်း ကြေညာချက်” ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ညီလာခံတက်ရောက်လာကြသူများက ရေနှင့်ဆက်စပ်သည့် ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီစေရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမည် ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ပေကျင်းမြို့သို့ရောက်ရှိစဉ် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာသံရုံး၊ ပေကျင်းမြို့သို့ သွားရောက်ခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ သံရုံးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၊ မီယွန်ခရိုင်၊ ဟိုင်ရှန်စီကျေးရွာရှိ အသေးစား ရေဝေရေလဲ ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းနှင့် မီယွန်ရေလှောင်တမံသို့ အခြားသောကိုယ်စားလှယ်အဖွဲ့များနှင့်အတူ သွားရောက် လေ့လာခဲ့ကြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များနှင့်အတူ ကမ္ဘာ့ရေညီလာခံ၏ ဂုဏ်ပြု ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။