တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၊ ဟောင်ကောင်မြို့၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်

(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေပြည်တော်)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၊ ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံးအဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန ဝန်ကြီးတို့က သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးကြပြီး အမှာစကားများ ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ ဟောင်ကောင်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း တို့မှ ကိုယ်စားလှယ်များက လည်းကောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသဘက်မှ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန၊ မြို့ပြလေကြောင်းဦးစီးဌာနနှင့် လေဆိပ်အာဏာပိုင်အဖွဲ့တို့မှ အရာထမ်းများက လည်းကောင်း အသီးသီးတက်ရောက်ခဲ့ကြသည်။

အဆိုပါ သဘောတူစာချုပ်အရ မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ လေကြောင်းလိုင်းများသည် ပိုမိုလွတ်လပ်သော ပျံသန်းခွင့်များဖြင့် ခရီးသည်တင်နှင့် ကုန်စည်တင် လေကြောင်းခရီးစဉ်များကို အပြန်အလှန် ပျံသန်းနိုင်မည်ဖြစ်သည်။

ထို့အပြင် ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် Hong Kong International Aviation Academy ၏ President Mr. Simon Li ၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၂၇ ရက် နေ့၊ မွန်းလွဲပိုင်းတွင် ဟောင်ကောင်မြို့ရှိ Hong Kong International Aviation Academy သို့ သွားရောက်လေ့လာခဲ့ကြပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။