ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သိမ်ဖြူသင်္ဘောကျင်းနှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ (၄) လမ်းသွား ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သိမ်ဖြူသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ (၄)လမ်းသွား လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သိမ်ဖြူသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း ဧရိယာရှိ(၄)လမ်းသွား ဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် (၄)လမ်းသွားတိုးချဲ့ရေး တာဝန်ယူဆောက်လုပ်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက (၄)လမ်းသွား တိုးချဲ့ရေး တာဝန်ယူ ဆောက်လုပ်နေသော်လည်း (၂)လမ်းသွား လမ်းဟောင်းတွင် လုပ်ငန်းခွင်သုံး ဆီသယ်ယာဉ်ကြီးများအပါအဝင် ကုန်တင်မော်တော်ယာဉ်ကြီးများ သွားလာလျက်ရှိသည့်အတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထား ဆောက်ရွက်သွားကြရန်၊ လမ်းတိုးချဲ့ခြင်းနှင့်အတူ လမ်းလယ်တွင် ဓါတ်မီးတိုင်များတပ်ဆင်ခြင်း၊ မြေအောက်လျှပ်စစ်ကြိုးများ ထည့်သွင်းခြင်း လုပ်ငန်းများ ပါဝင်သည့်အတွက် သက်ဆိုင်ရာ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးဌာနနှင့်လည်း ကြိုတင်ညှိနှိုင်းဆောက်ရွက်သွားရန်၊ တည်ဆောက်ပြီးလုပ်ငန်းများအား တတိယအဖွဲ့အစည်းဖြင့် စစ်ဆေးဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အမီ စံချိန်/စံညွှန်းနှင့်အညီပြီးစီးစေရေး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု   စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန