နေပြည်တော် ၊ ဩဂုတ် ၂၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် တောင်နှင့် တောင်အာရှနိုင်ငံများ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေး ကွန်ဖရင့်၊ နိုင်ငံတကာ ချိတ်ဆက်မှုများနှင့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်း အခမ်းအနား (2025 South and Southeast Asia Digital Cooperation Conference and Supply and Demand Matchmaking Event for the Industry and Trade) သို့ တက်ရောက် အမှာစကားပြောကြားပါသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ မိတ်ဆွေဆက်ဆံရေးကဏ္ဍအတွက် အလားအလာရှိသော အခွင့်အလမ်းများကို ဦးတည်ပြီး ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုတွင် သတင်းအချက်အလက် ဖလှယ်ခြင်း၊ အရင်းအမြစ်များအသုံးချခြင်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခြင်း၊ အစိုးရအဖွဲ့အစည်းများ အချင်းချင်းကြားမှ ပေါင်းကူးတံတားအနေဖြင့် အကျိုးရှိသော ဒစ်ဂျစ်တယ်အသိုင်းအဝိုင်းကို ဖော်ဆောင်နိုင်ရေးနှင့် ယခုမျက်မှောက်ခေတ်တွင် နည်းပညာ၏ အကျိုးပြုမှုများကြောင့် လူသားများသည် မည်သည့်နေရာတွင်မဆို တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာ ကမ္ဘာ့အတိုင်းအတာဖြင့် ဆက်သွယ်မှုတိုးတက်လာနိုင်ခြင်းကြောင့် ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်အနာဂတ်ကို ဖော်ဆောင်နိုင်ကြောင်း၊ ဒစ်ဂျစ်တယ်ကူးပြောင်းလာမှုသည် အစဉ်အဆက်ကူးပြောင်းနေမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူပြည်သားများအားလုံး နေရာကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှုသည် နည်းပညာတိုးတက်ရေးအတွက်သာမက အခွင့်အလမ်းများ၊ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု တန်ဖိုးများနှင့် မျှတသော အခွင့်အလမ်းများ ရရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ တတ်စွမ်းနိုင်သမျှ ဒစ်ဂျစ်တယ်လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရန်အတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် အာရှပစိဖိတ်ဒေသ ဆက်သွယ်ရေးအဖွဲ့ (APT) တို့၏ ပံ့ပိုးကူညီမှုဖြင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများမှ ဒစ်ဂျစ်တယ်နှင့်ဆက်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ မြို့ပြဒစ်ဂျစ်တယ်လုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းများမှ ကိုယ်စားလှယ်များက ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ၊ ဈေးကွက်များနှင့် တိုးတက်မှုအချက်အလက်များကို ဆွေးနွေးကြမည်ဖြစ်ပါသည်။
ယခုကျင်းပသည့် အခမ်းအနားသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၈၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

