ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း China-ASEAN Countries Forum on Blue EconomyCooperation and Development (CAFBE) - 2025 အခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၁၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) - 2025 အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့မျက်နှာပြင်၏ ၇၀% ကျော်ကို ရေထုဖြင့်ဖုံးလွှမ်းထားပြီး ပင်လယ်သမုဒ္ဒရာများသည် ရာသီဥတုထိန်းညှိမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ လူသန်းပေါင်းများစွာတို့၏ အသက်မွေးဝမ်းကြောင်းအတွက် အလွန်အရေးပါသကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေး၏ ၈၀% ကျော်ကိုလည်း အထောက်အကူပြုနေသဖြင့် ကမ္ဘာ့စီးပွားရေးအတွက်များစွာ အရေးပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနှင့်အိမ်နီးချင်းနိုင်ငံများကို အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ပေးနိုင်သော အချက်အချာကျသည့်နေရာ၌ တည်ရှိနေပြီး၊ ၎င်းတို့ကို ကမ္ဘာတစ်ဝှမ်းသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်သည့် Gateway တစ်ခုအဖြစ် တည်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် သာတူညီမျှ သာယာဝပြောမှုကို အလေးထားလျက် ဒေသတွင်း ခိုင်မာ၍ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပင်လယ်ပြာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံပင်လယ်ပြာစီးပွားရေးမူဘောင်(၂၀၂၃)နှင့် လိုက်လျောညီထွေရှိသည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ကိုချမှတ်၍ ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်မှုကိုလည်း အလေးထားပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆိပ်ကမ်းများတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အဏ္ဏဝါပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းကာကွယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ စွမ်းရည်မြှင့်တင်ရေး ကိစ္စရပ်များတွင် ဒေသတွင်းနိုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန် ဆိပ်ကမ်းများတွင် ဆိုလာစွမ်းအင်စနစ် ပြောင်းလဲအသုံးပြုခြင်း၊ စပါးခွံလောင်စာဖြင့် ဇီဝစွမ်းအင်ထုတ်လုပ်အသုံးပြုခြင်းနှင့် လျှပ်စစ်စနစ်သုံး ကုန်ကိုင်တွယ်စက်ကိရိယာများ အစားထိုးအသုံးပြုခြင်းတို့ကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ပြာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် မဖြစ်နိုင်သည့် ရည်မှန်းချက်တစ်ခုမဟုတ်ဘဲ မိမိတို့နိုင်ငံအသီးသီးက အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ်ချမှတ်၍ ဦးစားပေးဆောင်ရွက်ရမည့်၊ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း (၇၅)နှစ်ပြည့် သည့် အထိမ်းအမှတ်နှစ်ဖြစ်၍ မိမိတို့နှစ်နိုင်ငံကြား ကဏ္ဍစုံပိုမိုနီးကပ်နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဤဖိုရမ်မှတစ်ဆင့် မိမိတို့အကြား ပိုမိုခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် သာတူညီမျှ ပင်လယ်ပြာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်ရင်း မိမိတို့အတွက်သာမက နောင်မျိုးဆက်များအတွက်ပါ ရေရှည်တည်တံ့ရန်လိုအပ်သည့် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသဖြင့် ခိုင်မာသော သန္နိဋ္ဌာန်စိတ်ဖြင့် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

China-ASEAN Countries Forum on Blue Economy Cooperation and Development ကို ၂ နှစ် (၁)ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်၍  ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်မှာ "ဆန်းသစ်တီထွင်ခြင်း၊ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ထိရောက်သောဖြေရှင်းခြင်း နည်းလမ်းများဖြင့် တရုတ်-အာဆီယံ ပင်လယ်ပြာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အနာဂတ်သစ်ကိုဖန်တီးစို့" (Innovation, Green Development and Smart Solutions: Shaping A New Blue Future for China and ASEAN) ဖြစ်ပြီး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်နှင့် သမ္မတ ရှီကျင့်ဖျင် အဆိုပြုခဲ့သော ရပ်ဝန်းနှင့်ပိုးလမ်းမအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်-အာဆီယံ ပင်လယ်ပြာစီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း Beibu Gulf Port Group ကုမ္ပဏီ၊ China-ASEAN Artificial Intelligence Computing Centre၊ Qinzhou Port Automated Container Terminal နှင့် China-Malaysia Qinzhou Industrial Park တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌ၊ ကွမ်ရှီးကျွမ်း ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲရေးဌာန အကြီးအကဲနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန