ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ - ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရထားလမ်းရေကျော်ခဲ့သည့် နေရာများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ(DRC)ရှိRBE များအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာ  ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ရန်ကုန် - မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အပိုင်း (၁) ဖြစ်သည့် တောင်ငူ - ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပဲခူး - ရွှေလှေနှင့် ပဲခူး - နောင်ပတ္တရားကြား ရထားလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရထားလမ်းပေါ် ရေကျော်ခဲ့သည့်နေရာများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (DRC)ရှိ RBE များ၏ အခြေအနေအား စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအပိုင်း (၁) ဖြစ်သည့် တောင်ငူ - ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး  သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးရေး၊ ရထားလမ်းပိုင်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားရေး၊ တံတားလုပ်ငန်းများနှင့် အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါလမ်းပိုင်းရှိ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရထားလမ်းပေါ်  ရေကျော်ပြီး တာဘောင် ရေတိုက်စားခံခဲ့ရသည့် ပဲခူး - ရွှေလှေကြားနှင့် ပဲခူး - နောင်ပတ္တရားကြား ရထားလမ်းပိုင်းနေရာများကို သွားရောက်စစ်ဆေး၍ တာဘောင်များ စနစ်တကျ ပြန်လည်ပြုပြင်သွားရန်၊ အဆိုပါ ရထားလမ်းတာဘောင်များ ရေတိုက်စားမှု ထပ်မံမဖြစ်ပွားစေရေးအတွက် မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှုအခြေအနေများကို တိုင်းတာစစ်ဆေး တွက်ချက်ပြီး တံတားများ၊ ရေပြွန်များ ထည့်သွင်းတည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ၊ ရေစီးရေလာကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက် RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ Diesel Electric Multiple Unit (DEMU) ရထားများရောက်ရှိ ပြေးဆွဲချိန်တွင် လမ်းပိုင်းအတွင်း အမြန်နှုန်းကီလိုမီတာ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားသဖြင့် ရထားလမ်းပြုပြင်ထိန်းသိမ်းရာ၌ Maintenance Manual  အတိုင်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်၊   လက်ရှိလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် ရထားတွဲများ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ရန်၊ Electronic Interlocking နှင့် Relay Interlocking အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ပြီးစီးသည့် နေရာများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ ရထားလမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များပိတ်ဆို့မှုမရှိအောင်  စစ်ဆေးဆောင်ရွက်ရန်နှင့် ရထားလမ်း လုံခြုံအန္တရာယ်ကင်းရှင်းရေးအတွက် ခြံစည်းရိုးများ နှစ်အလိုက် ဦးစားပေး ကာရံသွားရန် တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

၎င်းအပြင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့ပတ်(ဒီဇယ်)စက်ခေါင်းစက်ရုံရှိ RBE ရထားတွဲများနှင့် ပြုပြင်ဆဲ RBE ရထားတွဲများအား သွားရောက်စစ်ဆေးခဲ့ပြီး Public Transportation အတွက် အသုံးပြုသည့် RBE ရထားတွဲများ  ပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်အောင် ပြုပြင်ရန်၊ လိုအပ်သည့် Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန