ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ ဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)နှင့် ဝန်ထမ်းနေအိမ် လိုင်းခန်းတို့၏ အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ() ရက်နေ့မှ (၁၄) ရက်နေ့အထိ  မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ ဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)နှင့် ဝန်ထမ်းနေအိမ် လိုင်းခန်းတို့၏ အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။

ဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေကို RBE ရထားဖြင့် လိုက်ပါ စီးနင်း၍ စစ်ဆေးခဲ့ပြီး ရထားလမ်း ဘေး ဘယ်/ညာ ရှိ မြက်များရှင်းလင်းရန်၊ ဘူတာယာဒ်ဝင်းရှိ အမှိုက်များ ရှင်းလင်းရန်နှင့် လမ်းပိုင်းအတွင်း ကျောက်နည်းသည့် နေရာများတွင် ကျောက်ဖြည့်သွင်း၍ စနစ်တကျ ပက်ကင်ရိုက်ရန်၊ Alignmentနှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ တံတားများတွင် ဆွေ့မြေ့နေသည့် သစ်သားဇလီဖားများအား လဲလှယ်သွားရန်၊ တံတားတစ်ခုစီအလိုက် အောက်ခြေ သံဘောင်အထိုင် ကောင်း/မကောင်း တံတားရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ကောင်း/ မကောင်း စစ်ဆေးသွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(မန္တလေး)သို့ သွားရောက်စစ်ဆေးခဲ့ပြီး စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင်ပြုပြင်ရန်၊ Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံဝန်းအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းရန် ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် ဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)မှ အထူးဇလီဖားတုံးများ၊ လမ်းပိုင်းဇလီဖားတုံးများအား အချိန်မီ ထုတ်လုပ်ပေးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် မန္တလေးရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများအား စစ်ဆေးခဲ့ပြီး ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန် ဝန်ထမ်းလိုင်းခန်းအတွင်း သောက်/သုံးရေ လုံလောက်စွာ ရရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊ မြန်မာ့မီးရထားဆေးရုံ၊ ဆေးခန်းများ၌ ဝန်ထမ်းမိသားစုများ ဆေးကုသနိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ လူနေထိုင်ခြင်းမရှိသည့် ဝန်ထမ်းနေအိမ် လိုင်းခန်းများ သန့်ရှင်းရေး ပြုလုပ်၍ စနစ်တကျ သော့ခတ်ပြီး တာဝန်ရှိသူမှ ထိန်းသိမ်းထားရန်နှင့် အိမ်ရာကြီးကြပ်ရေး အဖွဲ့အား စနစ်တကျဖွဲ့စည်း၍ သန့်ရှင်းရေးများ ပုံမှန်စစ်ဆေးခြင်း၊ ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန