နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒ ရှင်းလင်းဆွေးနွေးပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်)ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁

ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒ ရှင်းလင်းဆွေးနွေးပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်)ဆုပေးပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့ခေတ်ကာလ၌ ကမ္ဘာကြီးသည် သတင်းအချက်အလက်နည်းပညာ (Information Technology) ကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ရရှိခံစားလာနိုင်ကြသည်နှင့်အမျှ ၎င်းတို့နှင့် ဒွန်တွဲပါလာသော အားနည်းချက်များအဖြစ် အဖျက်အမှောက်ဆော့ဝဲလ်များ ပျံ့နှံ့လာခဲ့ခြင်း၊ ဆိုက်ဘာရာဇဝတ်မှုများ များပြားလာခြင်း၊ ဆိုက်ဘာခြိမ်းခြောက်မှုများ များပြားလာခြင်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းစသည့် အရေးကြီးသတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အဦများ၏ ဝန်ဆောင်မှုကို နှောင့်ယှက်တိုက်ခိုက်ခံရခြင်း၊ ကိုယ်ရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်းနှင့် ခိုးယူခံရခြင်း စသည့် ဆိုက်ဘာလုံခြုံရေးနှင့်ဆက်စပ်နေသော စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကို ကြုံတွေ့နေရပါကြောင်း၊ အချို့သောဆိုက်ဘာတိုက်ခိုက်မှုဖြစ်ရပ်များသည် အရေးကြီးသတင်းအချက်အလက်စနစ်များ၏ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေခြင်းဖြင့် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများအား ပျက်ပြားစေခြင်းနှင့် ပုံရိပ်ထိခိုက်ကျဆင်းစေခြင်းများ ဖြစ်ပေါ်စေပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ဆက်သွယ်ရေးကဏ္ဍကို လွတ်လပ်သောစျေးကွက်အဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး Online ဝန်ဆောင်မှုစနစ်များ၊ e-Government စနစ်များ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝများသည် သတင်းအချက်အလက်နည်းပညာ အသုံးပြုမှုအပေါ် များစွာမှီခိုလာကြသည်ကို တွေ့မြင်ရပါကြောင်း၊ အသုံးပြုမှု တွင်ကျယ် မှီခိုလာခြင်းနှင့်အတူ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများကလည်း တိုးတက်များပြားလာပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူသားဖြစ်တည်မှုနှင့် လူနေမှုဘဝ ပတ်ဝန်းကျင်ကို လွှမ်းမိုးထိခိုက်လာသည့်အခြေအနေများ ကြုံတွေ့ရပြီး အမျိုးသားလုံခြုံရေးအထိ ထိပါးလာနိုင်သောကြောင့် နိုင်ငံအများစုက ဉာဏ်ရည်တုနည်းပညာကို မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းရန် ကြိုးစားလာကြပါကြောင်း၊ သတင်းအချက်အလက် နည်းပညာ ဆိုက်ဘာနယ်ပယ်တွင်လည်း စိန်ခေါ်မှုများ များပြားလာသည့်အတွက် မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်လာပါကြောင်း၊ များပြားလာသည့် စိန်ခေါ်မှုများကို သိရှိပြီး ကြိုတင်ကာကွယ် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ဆိုက်ဘာလုံခြုံရေးမူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ သိရှိလိုက်နာနိုင်ရေးအတွက် ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင် ပါဝင်သော ရည်ရွယ်ချက် ၇ ချက်နှင့် မူဝါဒ ၅ ရပ်ပါ အချက်များကို ပိုမိုရှင်းလင်းစေရန် ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဤမူဝါဒကို International Telecommunication Union (ITU) က ချမှတ်ထားသည့် အမျိုးသားအဆင့်ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံအချက်များပေါ် မူတည်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ကိုက်ညီအောင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပူးပေါင်းပြုစု ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ လုံခြုံစိတ်ချ၍ တည်ငြိမ်ကောင်းမွန်ကြံ့ခိုင်သော ဆိုက်ဘာနယ်ပယ်တစ်ခု တည်ဆောက်နိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ ဖွဲ့စည်းဆောင်ရွက်မှုပုံစံ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် နည်းပညာများကို မဟာဗျူဟာမြောက် ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း၊ ဝန်ဆောင်မှုပေးသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ ပြည်သူများအားလုံးက တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ဖော်ထုတ်နိုင်ပြီး မူဝါဒကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အခမ်းအနား၌ တက္ကသိုလ်အဆင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကိုလည်း ပူးတွဲကျင်းပမည် ဖြစ်ပါကြောင်း၊ အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းကော်မတီနှင့် Cyber Security Brunei တို့ ပူးပေါင်းကျင်းပခဲ့သည့် “အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ” တွင် မြန်မာနိုင်ငံကိုယ်စားပြု ဗီဒီယိုတစ်ခု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဤပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက ကျောင်းသား၊ ကျောင်းသူ ၄၇ ဦးတို့က စိတ်ဝင်တစား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ယနေ့အခမ်းအနားမှတစ်ဆင့် ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားသည့် မျိုးဆက်သစ်လူငယ်များ၏ စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုများကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးမူဝါဒပါ အချက်အလက်များကို လိုက်နာအကောင်အထည်ဖော်ရာတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် ဆိုက်ဘာလုံခြုံရေး အသိပညာပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနာဂတ်လမ်းကြောင်းများကိုပါ ဝိုင်းဝန်းဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်) တွင် ပထမဆုရရှိသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ မောင်မြတ်မင်းခန့်၊ ဒုတိယဆုရရှိသော နည်းပညာ တက္ကသိုလ်(မော်လမြိုင်)မှ မောင်ဟိန်းမင်းခန့်၊ တတိယဆုရရှိသော အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(ရန်ကုန်)မှ မခိုင်ရွှေစင်ဝင်း၊ နှစ်သိမ့်ဆုရရှိသော ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)မှ မောင်ဘွဲ့ညှောင်းနှင့် သတင်းအချက် အလက်နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ မောင်လင်းခန့်ကျော်တို့ကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ညွှန်ကြားရေးမှူးက ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင် ပါဝင်သော လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အစိုးရအဖွဲ့အစည်းများ၏ Chief Information Officer (CIO) များမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ Chief Information Officer (CIO) များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန