နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များစုပေါင်း သွေးလှူဒါန်း နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုပေါင်းပြီး သွေးလှူဒါန်းကြရာ နေပြည်တော်ကုတင် (၁,၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သွားရောက် ကြည့်ရှုအားပေးပါသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည်တော်တွင် ၅၄ ဦး နှင့် ရန်ကုန်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၄၅၃ ဦး သွေးလှူရှင် စုစုပေါင်း ၅၀၇ ဦးတို့က ပါဝင်လှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးအပ်ပါသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ပါသည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်များကို ၂၀၁၆ ခုနှစ်မှစတင်၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအကြိမ်မှာ (၁၂) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန