ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ မြန်မာမီးရထားဌာန၏ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် နေပြည်တော်-ရန်ကုန် အ‌ဝေးပြေးလမ်းမကြီးရှိ လမ်းညွှန်းအမှတ်အသားများ တပ်ဆင်ထားရှိမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ် ၊ ဇူလိုင် လ () ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းရှိ စီမံကိန်းလုပ်ငန်း အခြေအနေများ၊ နေပြည်တော်-တောင်ငူ အဝေးပြေးလမ်းနှင့် ပဲခူး-ရန်ကုန် ပြည်ထောင်စုလမ်းပေါ်ရှိ လမ်းညွှန်း အမှတ်အသားများတပ်ဆင်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက်  အမြန်လမ်းမကြီးတစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူ ရေးဆွဲ တပ်ဆင်ထားမှုများကို ကြည့်ရှု စစ်ဆေးပြီးနောက် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် မိုင်တိုင်အမှတ် (၁၆၇) (၅ ဖာလုံနှင့် ၇ ဖာလုံအကြား) ရှင်းလင်းဆောင်နေရာ၌ လမ်းဦးစီးဌာန အမြန်လမ်းမကြီး ပြုပြင် ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် က အမြန်လမ်းမကြီး တစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ မိုင်တိုင် (၁၆၇) နေရာ၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ ပြည့်စုံအောင် စိုက်ထူရေးဆွဲထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ပဲခူး-ညောင်လေးပင် လမ်းပိုင်း(CP-102)စီမံကိန်းရုံး၊ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့မီးရထားမှ စီမံကိန်း တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အပိုင်း(၁)ဖြစ်သော ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၌ ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး က ရှင်းလင်း တင်ပြပါသည်။ ယင်းနောက် အပိုင်းလိုက် စီမံကိန်းအင်ဂျင်နီယာများက စီမံကိန်း၏ သတ်မှတ်ကာလများအတိုင်း အချိန်မီပြီးစီးရေး ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ဆက်လက်တင်ပြကြပါသည်။ ထိုသို့တင်ပြမှုများအပေါ်၌ ပြည်ထောင်စုဝန်ကြီးက အပိုင်းလိုက် စီမံကိန်း လုပ်ကွက်များ လျာထားသည့် သတ်မှတ်ကာလအလိုက် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး၊  စီမံကိန်း၏ အရည်အသွေး ပြည့်မီစေရန်အတွက် သတ်မှတ်ထားသည့် ဒီဇိုင်းမှန်ကန်မှု၊ စီမံကိန်းတွင် တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာ အသုံးပြုမှု၊ လုပ်ငန်းခွင်၌ လုပ်သားများ၏ ကျွမ်းကျင်မှု စသည်တို့သည် အဓိကလိုအပ်ချက်များ ဖြစ်သောကြောင့် ဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့နှင့် စီမံကိန်းကန်ထရိုက်တာ အဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းအား အရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်စေရေး၊  ရထား ပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး၊ စီမံကိန်း တာဝန်ရှိသူများအား စားသောက်ဖွယ်ရာများနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဒိုက်ဦးဘူတာနှင့် အိမ်ခြေလေးဆယ်ဘူတာကြားရှိ အရှည် (၃၈၀) ပေ ရှိ ရဲနွယ်ချောင်းကူး (တံတားအမှတ် 116-B )နှင့် ဒိုက်ဦး-စစ်တောင်းကားလမ်းပေါ်ရှိ ရထား သံလမ်းကူး (Level Crossing အမှတ် - 51) နေရာများတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စီမံကိန်းတာဝန်ခံအင်ဂျင်နီယာများက တည်ဆောက် ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်း ခွင်ရှိ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

၎င်းမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ပဲခူးမြို့တွင်းလမ်း လမ်းဆုံနေရာရှင်းလင်းဆောင်တွင် ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး အဆိုပါရှင်းလင်းဆောင်တွင် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး က ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ကိုက်ညီ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ပြီးစီးမှု၊ အဆိုပါလမ်းဆုံနေရာတွင် ယခင်က ယာဉ်တိုက်မှု များပြားသောကြောင့် အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ အချက်ပြများ၊ လမ်းအမှတ်အသားများ တစ်ပြေးညီဖြစ်စေရေး ကြီးကြပ်မှုကော်မတီ၏ ကွင်းဆင်းစစ်ဆေးအကြံပြုချက်များနှင့်အညီ ပြည့်စုံအောင် စိုက်ထူရေးဆွဲထားရှိမှုကြောင့် ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရွာသာကြီးရှိ မြန်မာ့မီးရထား ရွာသာကြီးကုန်းတွင်းဆိပ် (Dry Port) သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Resources Group Logistics Co.,Ltd., KM Terminal Logistics Co.,Ltd. တို့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွာသာကြီးကုန်းတွင်းဆိပ် (Dry Port) အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။.

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန