ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်သည် မိတ္ထီလာ - မြင်းခြံ သံမဏိစက်ရုံ ရထားလမ်းပိုင်း၊ ဇီးပင်ကြီး - ပွဲကောက် ရထားလမ်းပိုင်း၊ စက်ခေါင်းပြင်စက်ရုံ(ပြင်ဦးလွင်)၊ စက်ခေါင်းပြင်စက်ရုံ (မန္တလေး)၊ မန္တလေးဘူတာကြီး၊ လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံ(မြစ်ငယ်)နှင့် မြစ်ငယ်ရထားလမ်းတံတားသစ်တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာလ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့ထိ မြန်မာ့မီးရထားရုံးချုပ်မှ အထွေထွေမန်နေဂျာများ ၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်)၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ မိတ္ထီလာ - မြင်းခြံ သံမဏိစက်ရုံ ရထားလမ်းပိုင်း၊ ဇီးပင်ကြီး - ပွဲကောက် ရထားလမ်းပိုင်း၊ စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်)၊ စက်ခေါင်းပြင်စက်ရုံ (မန္တလေး)၊ မန္တလေးဘူတာကြီး၊ လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံ (မြစ်ငယ်)နှင့် မြစ်ငယ်ရထားလမ်းတံတားသစ်တို့အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် မိတ္ထီလာ - မြင်းခြံ သံမဏိစက်ရုံသို့ သွားသည့် ရထားလမ်းပိုင်းတစ်လျှောက် အဆင်မြှင့်တင်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို RBE ရထားဖြင့် စီးနင်းလိုက်ပါစစ်ဆေးခဲ့ပြီး ရထားလမ်းဘေး ဘယ်/ညာရှိ လဲလှယ်ထားသည့် သံလမ်း အဟောင်းနှင့် ဆက်စပ်ပစ္စည်းများအား နေရာတစ်ခုသတ်မှတ်၍ စနစ်တကျစုပုံထားရန်၊ လမ်းပိုင်း အတွင်းရှိ အချက်ပြနှင့် သတိပေးမှတ်တိုင်များ ယိုင်နဲ့နေမှု ဆေးရောင်ပျယ်လွင့်နေမှုတို့အား စစ်ဆေး ပြုပြင်သွားရန်၊  လမ်းခင်းကျောက်ဖြည့်တင်းထားသည့် နေရာများတွင် သတ်မှတ်ပုံစံအတိုင်း စနစ်တကျပါကင်ရိုက်၍ အချောသတ်လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြေပြန့်လမ်းပိုင်းဖြစ်သဖြင့် လမ်းပိုင်းအချောသတ် ဆောင်ရွက်ပြီးပါက မိုင်းနှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊ ရထားလမ်း တံတားနေရာများရှိ ဆွေးမြေ့နေသည့် သစ်သားဇလီဖားတုံးများအား အမြန် လဲလှယ်သွားရန်၊  ရထားလမ်းဘေးတစ်လျှောက်နှင့် ဘူတာယာဒ်ဝင်းများရှိ မြက်၊ ချုံနှင့် အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇီးပင်ကြီး - ပွဲကောက်ရထားလမ်းပိုင်းအား RGC ဖြင့် စစ်ဆေးခဲ့ရာ ရထားလမ်းဘေးတစ်လျှောက်နှင့် ဘူတာယာဒ်ဝင်းများရှိ မြက်၊ ချုံနှင့် အမှိုက် ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်၊ Point နှင့် အချက်ပြစနစ်များ၊ Level Crossing နေရာများ ကောင်းမွန်စေရေး စစ်ဆေးသွားရန်နှင့် ဘူတာများရှိ ဝန်ထမ်းနေအိမ်လိုင်းခန်း ပျက်စီးနေမှုများအား စစ်ဆေးပြုပြင် ပေးသွားရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်)၊ စက်ခေါင်းပြင် စက်ရုံ (မန္တလေး) ၊ တို့တွင် စက်ခေါင်းများကို အချိန်ကျပြုပြင် မွမ်းမံမှုများ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် ၊ စက်ခေါင်းများ ကြံ့ခိုင်မှုကောင်းမွန် စေရန်အတွက် အဆင့်လိုက် စစ်ဆေးပြုပြင်မှုများ ပုံမှန်ဆောင်ရွက်ရန် ၊ စက်ရုံ ကြမ်းခင်းတွင် ကပ်နေသည့် စက်ဆီ၊ ချောဆီများ၊ ချေးများကို ခွာ၍ သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ရန်နှင့် စက်ရုံ အဝင်/ အထွက် ရထားလမ်းများ ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက် သွားရန် တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) ၌ အသစ်တပ်ဆင် ထုတ်လုပ် နေသည့် လူစီးတွဲသစ်များ အချိန်မီပြီးစီးရေး၊ ကုန်တွဲများအချိန်မီ  ပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် မှာကြားခဲ့သည့်အပြင် ပြည်ပမှစက်အပိုပစ္စည်း ဝယ်ယူမှုများ လျှော့ချနိုင်ရန်အတွက် မိမိစက်ရုံကြီးများတွင် အရည်အသွေး ပြည့်မီသည့် အပိုပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရန်၊ စက်ရုံကြီးများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်များ စနစ်တကျရေးဆွဲ၍ ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ရန်နှင့် မီးသတ်ဆေးဗူးများ စနစ်တကျ စစ်ဆေးဖြည့်တင်းထားရှိရန် မှာကြားခဲ့သည်။

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် မန္တလေးဘူတာကြီးအား စစ်ဆေးခဲ့ပြီး ဘူတာနှင့် ယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာယာဒ်ဝင်းလမ်းများ ကြံ့ခိုင်မှုကောင်းမွန်အောင် စစ်ဆေးဆောင်ရွက်ရေး၊ ရထားပြေးဆွဲရာတွင် အန္တရာယ်ကင်းရှင်းစေရန်အတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေး၊ ရထားစီးခရီးသည်နှင့် ပစ္စည်းများ လုံခြုံရေးအတွက် မြန်မာ့မီးရထား ရဲတပ်ဖွဲ့နှင့် ဘူတာရှိ မီးရထားဝန်ထမ်းများ ပူးပေါင်း၍ စနစ်တကျ ကြပ်မတ် စစ်ဆေးဆောင်ရွက်ရန်နှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေး တို့ကို ဆွေးနွေးမှာကြားခဲ့သည့်အပြင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း၌ အဓိကကျသည့် မြစ်ငယ် တံတားသစ်သို့ သွားရောက်စစ်ဆေး၍ ရေရှည် ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန