ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ်ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ဝန်ချိန်ပြည့်ဖြင့် ရထားစမ်းသပ်‌မောင်းနှင်မှုနှင့် တောင်ကြီးဘူတာကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာလ ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၆) ရက်နေ့မှ (၈) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်း အမှတ်(၄) မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်း၊ အဆိုပါလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့် လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲမှုနှင့် တောင်ကြီးဘူတာတို့အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် -  တောင်ကြီး ရထားလမ်းပိုင်းအား စစ်ဆေးခဲ့ပြီး အဆိုပါရထားလမ်းပိုင်းရှိ အချို့နေရာများတွင် ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ ထီသိမ်အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာဘောင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် အပင်များအား ရှင်သန်စေရေး ဂရုစိုက်သွားရန်၊ ရထားလမ်းဘေးတစ်လျှောက်ရှိ ရေမြောင်းများအတွင်း ပိတ်ဆို့မှု မရှိစေရေး ပုံမှန်စစ်ဆေးဆောင်ရွက်ရန်၊ တာဘောင်မြင့်သည့် နေရာများတွင် Toe Wall များ စနစ်တကျ တည်ဆောက်ရန်နှင့် လမ်းပိုင်းအတွင်း အသုံးပြုရန်မလိုတော့သည့် သံလမ်း၊ ကွန်ကရစ် ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်း၌ ကျောက်ရထားဖြင့် ဝန်ချိန်ပြည့် စမ်းသပ်မောင်းနှင်မှုအား လိုက်ပါစစ်ဆေးခဲ့ရာ သတ်မှတ်မှိုင်နှုန်းအတိုင်း ကောင်မွန်စွာ ပြေးဆွဲမောင်းနှင်နိုင်ကြောင်း တွေ့ရှိရပြီး ကျောက်ဖြည့်သွင်းရန် လိုအပ်သည့် နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းပိုင်းအချောသတ်ခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး မြေထိန်းနံရံများ စနစ်တကျ ဆောင်ရွက်ရန်၊ ရထားလမ်းတာဘောင် ရေတိုက်စားမှုနည်းစေရန် အတွက် မြက်ကပ်စိုက်ပျိုးထားမှုအား ရှင်သန်အောင် ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တောင်ကြီးဘူတာအား စစ်ဆေးခဲ့ပြီး ဘူတာနှင့် ယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းသွားရန် ၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာရှေ့ Flower Box များတွင် လှပဝေဆာသည့် ပန်းအလှပင်များ ရှင်သန်အောင် စနစ်တကျ စိုက်ပျိုးသွားရန်၊ တောင်ကြီးဘူတာရှေ့ ခြံစည်းရိုးကာရံခြင်းနှင့် ဘူတာယာဒ်ဝင်းအတွင်း ကျူးကျော်ဈေးဆိုင်ခန်းများ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းလမ်းများ ကြံ့ခိုင်မှုကောင်းမွန်အောင် စစ်ဆေးဆောင်ရွက်ရန်၊ ရထားပြေးဆွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး အတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေး တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန