လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊  ပြည်ထောင်စု ဝန်ကြီး  ဦးသန့်စင်မောင် သည် ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက် နေ့ နံနက်ပိုင်း တွင် တာဝန်ရှိသူများနှင့် အတူ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိ ခဲ့ပြီး လေဆိပ် လုပ်ငန်း များအား ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့ သည် မန္တလေး တိုင်းဒေသကြီး ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သို့ သွားရောက်ပြီး မော်တော်ယာဉ် စစ်ဆေးခြင်း လုပ်ငန်းများ ၊ လုပ်ငန်း လိုင်စင် နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု ဌာန လုပ်ငန်း များအား ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့ သည် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး နှင့် ဆိပ်ကမ်းရုံး သို့ သွားရောက် ပြီး ဧရာဝတီ မြစ် အတွင်း မန္တလေးမြို့ သို့ ရေယာဉ်များ ဆိုက်ကပ်ရာ ၌ အဆင်ပြေ ချောမွေ့ စေရေး အတွက် ရေတိမ် သည့် နေရာများ တွင် ရေလမ်းကြောင်း ကောင်းမွန်စေရန် ဆောင်ရွက်လျက် ရှိသည့် သဲသောင်တူး ခြင်း လုပ်ငန်း များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သို့ ဆက်လက် ထွက်ခွာ ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး ရှိ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ၊ ဆိပ်ကမ်းရုံး နှင့် ရေကြောင်း ထိန်းသိမ်းရေး လုပ်ငန်း မှ တာဝန်ရှိ သူများ ၊ ရေယာဉ် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ နှင့် တွေ့ဆုံ၍ ရေယာဉ်များ အန္တရာယ် မဖြစ်ပေါ်စေရေး အတွက် အမြန် ရေယာဉ်များ တည်ဆောက်ရာ တွင် ကျွမ်းကျင်သည့် အင်ဂျင်နီယာ များ နှင့် ရေယာဉ် ပုံစံများအား ရေးဆွဲ စေပြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သို့ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ စနစ်တကျ တည်ဆောက်သွားရန် နှင့် တည်ဆောက် ပြီးစီးပါက မှတ်ပုံတင်ရေး ဆောင်ရွက် သွားရန် လမ်းညွှန် မှာကြား ခဲ့ပါသည်။

ပြည်ထောင်စု ဝန်ကြီး သည် ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နှင့် (၂၁) ရက်နေ့ ခရီးစဉ် အတွင်း မန္တလေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန လက်အောက် မှ ဝန်ထမ်းများ နှင့် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ အနေဖြင့် အများ ပြည်သူတို့ နှင့် တိုက်ရိုက် ပတ်သက်သည့် လုပ်ငန်း များကို ဆောင်ရွက်ရာ တွင် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း ၊ ခြိုးခြံ ချွေတာစွာ နေထိုင်ပြီး မိမိတို့ ဆောင်ရွက် ရမည့် တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း ၊ ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ဝန်ထမ်းများ အနေဖြင့် Road Safety နှင့် ပတ်သက်၍ ဂရုပြု ဆောင်ရွက်ရန် ၊ မတော်တဆမှု စာရင်းများ စနစ်တကျ ပြုစုထားရန် ၊ မော်တော်ဆိုင်ကယ် စီးနင်းသူ တိုင်း ယာဉ်မောင်း လိုင်စင် ရှိစေရန် နှင့် လုံခြုံရေး ဦးထုပ် ဆောင်း၍ စီးနင်း စေရေး ကြပ်မတ် စစ်ဆေး ဆောင်ရွက်ကြရန် မှာကြားပါသည်။  ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနတို့ မှ ဝန်ထမ်းများ အနေဖြင့် ဧရာတီမြစ် နှင့် ချင်းတွင်းမြစ်ကြောင်းများ အတွင်း ရေယာဉ်များ သွားလာရာ တွင် အဆင်ပြေစေရန် အတွက် ရေကြောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေ ခွင့်ပြုထားသည့် လုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက် ကြရန် ၊ စာရင်း ဇယားများ တိကျစွာ ထားရှိရန် ၊ လုပ်ငန်းများကို စံချိန် စံညွှန်း အရည် အသွေး ပြည့်မီအောင် ဆောင်ရွက်ရန် နှင့် လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ဂရုပြု ဆောင်ရွက် ကြရန် မှာကြား ခဲ့ပါသည်။