လေယာဉ်မယ်သင်တန်း (၁/၂ဝ၁၆) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြန်မာအမျိုးသားလေကြောင်း (Myan- mar National Airlines) အနေဖြင့် လာမည့် ပွင့်လင်းရာသီတွင် ကိုရီးယား၊ ဂျပန်နှင့် ဗုဒ္ဓဂယာသို့ စင်းလုံးငှား (Charter) လေကြောင်းခရီးစဉ်သစ် များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်၍ လိုအပ် သော လေယာဉ်မောင်မယ်သစ်များ အကောင်းဆုံးပြင်ဆင်မှု အဖြစ် လေ့ကျင့် မွေးထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်းက ပြောသည်။

''ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ လာမယ့် ပွင့်လင်းရာ သီဖြစ်တဲ့ ခရီးသွားရာသီမှာ ကိုရီးယား၊ ဂျပန်နဲ့ဗုဒ္ဓဂယာကို ခရီးစဉ် သစ်တွေ ပြေးဆွဲသွား မှာပါ။ ဒီအတွက် လိုအပ်တဲ့ လေယာဉ်မောင်မယ် သစ်တွေ စနစ်တကျမွေးထုတ်ရေးကို အခုကတည်းက စတင် လုပ်ဆောင်နေပြီဖြစ် ပါတယ်'' ဟု ကပ္ပတိန် ဦးသန်းထွန်းက ရန်ကုန်မြို့ ကမ်းနားလမ်း မြန်မာအမျိုးသားလေကြောင်းရုံးချုပ်၌ ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်သော ၁/၂ဝ၁၆ လေယာဉ်မယ်သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။

အဆိုပါ လေယာဉ်မယ်သင်တန်းသို့ မြန်မာတစ်နိုင်ငံလုံးမှ ဒုတိယနှစ် အောင်မြင်ပြီးသူများနှင့် အခြားဘွဲ့ရသူများထဲမှ အရပ် ငါးပေလေးလက်မရှိသူများအား စိစစ်ရွေးချယ်ခေါ်ယူခဲ့ကြောင်း၊ ယင်းသင်တန်းသို့ မြန်မာအမျိုးသားလေကြောင်းလိုင်း မှ ၂၇ ဦးနှင့် အခြားလေကြောင်းလိုင်းမှ ကိုးဦး စုစုပေါင်း ၃၆ ဦး တက်ရောက်ကာ သင်တန်းကာလမှာ နှစ်လကြာမြင့်မည်ဖြစ်ပြီး ဆက်လက်၍ လက်တွေ့သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ စတင် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ် ဆက်လက်ရပ်တည်ကာ ပြည်တွင်း၊ ပြည်ပခရီးစဉ်များပြေးဆွဲလျက်ရှိ သည်။ ယခုအခါ မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် (Boeing 737-800 NG သုံးစင်း၊ Embracer-190 နှစ်စင်း၊ ATR ငါးစင်း၊ Cessna Caravan လေးစင်းနှင့်Beech နှစ်စင်း စုစုပေါင်းလေယာဉ် ၁၆ စင်းဖြင့် ပြည်တွင်းလေဆိပ် ၂၇ မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိပြီး ပြည်ပခရီး စဉ်များအဖြစ် ဟောင်ကောင်၊ ဗန်ကောက်နှင့် စင်ကာပူမြို့ များသို့လည်း တိုးချဲ့ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ မြန်မာအမျိုးသား လေကြောင်းလိုင်းသို့ အသစ်ထပ်မံရောက်ရှိလာမည့် ATR 72-600 လေးစင်းနှင့်Boeing 737-800 ခုနစ်စင်းတို့ဖြင့် ခရီးစဉ်အသစ်များအတွက် လိုအပ်မည့် လေယာဉ်မောင်မယ် များအား ကြိုတင်၍ လေ့ကျင့်သင်ကြားခန့်အပ်လျက်ရှိကြောင်း သိရသည်။ ယခုအခါ မြန်မာအမျိုးသားလေကြောင်းတွင် လေယာဉ်မှူး ၁ဝဝ နီးပါးနှင့် လေယာဉ်ဝန်ထမ်း (လေယာဉ်မောင်မယ်) ၁၃၅ ဦးရှိကြောင်း သိရသည်။။။