ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

အင်တာနက်သုံးကြမယ် အပိုင်း (၁)

အင်တာနက်သုံးကြမယ် အပိုင်း (၁)

Published: Jul 31 Posted Under: Place: နေပြည်တော်

အင်တာနက်စနစ်ကို မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလလောက်ကစပြီး အသုံးပြုခဲ့ကြပြီး အသုံးပြုနိုင်မှုလည်း သိပ်မတွင်ကျယ်ခဲ့ပါဘူး။ အခုတော့ မိုဘိုင်းဖုန်းတွေကနေ အင်တာနက်အသုံးပြုလာနိုင်ပြီး အင်တာနက်သုံးစွဲနိုင်မှု အခြေအနေဟာလည်း ရုတ်ချည်း တိုးတက်လာခဲ့ပါတယ်။ အင်တာနက်ဖြန့်ဝေပေးတဲ့ စနစ်ရဲ့ စက်ပစ္စည်းနဲ့ နည်းပညာဟာ အဲဒီရုတ်ချည်းတက်လာတဲ့ သုံးစွဲသူပမာဏကို အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုမပေးနိုင်ဘဲ အဝိုင်းလေးလည်နေတာကို အချိန်ပေးပြီး သုံးနေရတာကို လူတိုင်းက မချင့်မရဲဖြစ်ခဲ့ကြရပါတယ်။ ၀န်ဆောင်မှုအရည်အသွေးကောင်းမွန်စေရေး Quality of Service အတွက် လက်ရှိအင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ MPT အနေနဲ့ ဘာတွေလုပ်နေလဲ၊ ဘာတွေ လုပ်သင့်လဲ၊  ဘာတွေပြင်ဆင်ထားလဲ စသည့်ဖြင့် သိချင်ကြမှာပါပဲ။ ဘာလို့လဲဆိုတော့ မကြာခင်ကာလမှာ ဆက်သွယ်ရေးလုပ်ငန်းကို အပြိုင်အဆိုင်ဝန်ဆောင်မှု ပေးကြတော့မှာဖြစ်လို့ပါ။

အဲဒီတော့ အင်တာနက်ဝန်ဆောင်မှု ဘယ်လိုပေးသလဲ။

အင်တာနက်ဝန်ဆောင်မှုပေးတဲ့အခါမှာ အကြမ်းဖျဉ်းအားဖြင့် အပိုင်း (၄) ပိုင်းခွဲ ဆောင်ရွက်ပြီး သုံးစွဲသူထံ ၀န်ဆောင်မှုပေးရပါတယ်။
(၁)    ပြည်ပအင်တာနက် ဆက်ကြောင်းချိတ်ဆက်ခြင်း (International Internet Connectivity)
(၂)    ပြည်တွင်းဖြန့်ဝေနိုင်ရေးအတွက် Core Network (Internet Exchange Point, Internet Service Provider) များ Capacity တိုးချဲ့တည်ဆောက်ခြင်း
(၃)    ပြည်တွင်း မြို့များ၊ နယ်များသို့ ပေးပို့ဖြန့်ဝေခြင်း (Domestic Transmission Bandwidth)
(၄)    သုံးစွဲသူထံသို့ ပေးပို့ ဝန်ဆောင်မှုပေးသည့် ကွန်ရက်တိုးချဲ့ ဝန်ဆောင်မှုပေးခြင်း (Access Network)

(၁)    ပြည်ပအင်တာနက်ဆက်ကြောင်းချိတ်ဆက်ခြင်း (International Internet Connectivity) အနေနဲ့သုံးစွဲသူဦးရေအလိုက် လုံလောက်တဲ့ Bandwidth ပမာဏကို တိုးချဲ့ ချိတ်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်းနဲ့ ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းတွေ (ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ တဆင့် Upstream Provider တွေကို ချိတ်ဆက်ခြင်း ဖြစ်ပါတယ်။) ချိတ်ဆက်ထားပါတယ်။  27 Gbps ပမာဏခန့် ချိတ်ဆက် ထားပြီး လက်ရှိသုံးစွဲသူ အရေအတွက်နဲ့ဆိုရင် လုံလောက်တဲ့ပမာဏပါ။ ဆက်လက်ပြီး တိုးချဲ့ချိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ (ဥပမာ - နိုင်ငံတကာလေဆိပ်တစ်ခုမှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အမြောက်အများ အတက်အဆင်း လုပ်ပေးနေတဲ့ သဘောပါ)

(၂)    ပြည်တွင်းဖြန့်ဝေနိုင်ရေးအတွက် Core Network (Internet Exchange Point, Internet Service Provider) များ Capacity တိုးချဲ့တည်ဆောက်ခြင်းမှာဆိုရင် SEA Games အတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံရဲ့ အထောက်အပံ့နဲ့ စက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်ခြင်း၊ Design များ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနဲ့ ရန်ကုန်မှာသာမက နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာပါ ISP အသစ် ထပ်မံ တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ (ဥပမာ - နိုင်ငံတကာလေကြောင်းလိုင်း အမြောက်အများကနေ ပါလာတဲ့ ခရီးသည်၊ ဝန်စည် စလယ်တွေကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်တဲ့ အဆင့်မီလေယာဉ်ကွင်းသဘောမျိုးပါ။) ဒေတာအချက်အလက်တွေကို ဖြန့်ဖြူးပေးပို့ ခွဲဝေတဲ့ အလုပ်ကို လုပ်ရမှာပါ။

(၃)    ပြည်တွင်း မြို့များ၊ နယ်များသို့ ပေးပို့ဖြန့်ဝေခြင်း (Domestic Transmission Bandwidth) မြို့တစ်မြို့နဲ့ တစ်မြို့ကြား ဆက်သွယ် ဆောင်ရွက်နိုင်မှု Bandwidth ပမာဏကို တိုးချဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့များအကြား ဆက်ကြောင်းတိုးချဲ့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ထပ်မံပြီး တိုးချဲ့ဆောင်ရွက်သွားဦးမှာ ဖြစ်ကြောင်း၊ အခြား နယ်မြို့များကိုလည်း ဖိုင်ဘာ ဆက်ကြောင်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရှိရပါတယ်။ Bandwidth တွေ တိုးချဲ့ ချိတ်ဆက်သွားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အရန်လမ်းကြောင်းတွေလဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါတယ်။

(၄)    သုံးစွဲသူထံသို့ ပေးပို့ ဝန်ဆောင်မှုပေးသည့် ကွန်ရက်တိုးချဲ့ဝန်ဆောင်မှုပေးခြင်း (Access Network) အပိုင်းမှာဆိုရင် သုံးစွဲသူထံ ၀န်ဆောင်မှုကို ပေးပို့ပေးတဲ့ ကြားခံ Media အနေနဲ့ Wire စနစ်၊ wireless စနစ်ကို အသုံးပြုပါတယ်။ Wire အပိုင်းမှာ ဆိုရင် ဖိုင်ဘာ နဲ့ Twister Paired ကြေးနန်းကြိုး ကို အသုံးပြုတာများပါတယ်။ ဖိုင်ဘာအပိုင်းမှာ ကိစ္စမရှိပေမဲ့ (ဒါတောင်မှ ဖိုင်ဘာကြိုးများဆက်ရာမှာ Gain Loss မများဖို့လိုအပ်ပါတယ်။ သတ်မှတ် စံညွှန်းနဲ့ ကိုက်ညီမှ အဆင်ပြေမှာပါ။) ကြေးနန်းကြိုးအပိုင်းမှာ ကာလကြာရှည် အသုံးပြုထားပြီး အရည်အသွေးကျနေတဲ့ ကြိုး၊ အဆက်တွေများနေတဲ့ကြိုး၊ ကြားမှာ ပေါက်ပြဲနေတဲ့ကြိုးဆိုရင် ဒေတာ (အင်တာနက်) ဟာ ကောင်းကောင်း အလုပ် မလုပ်တော့ပါဘူး။ အဝိုင်းလေးလည်ပါပီ။ တဆင့်ခံ ဖြန့်ဝေပေးတဲ့ အိတ်ချိန်းရုံးနဲ့ဝေးရင်လဲ  နည်းပညာအရ မြန်နှုန်းကျဆင်းတတ်ပါတယ် (ဥပမာ- ရေပိုက်ကို ဝေးဝေးသွယ်ရင် ရေစီးအား ကျသွားသလိုမျိုးပါ)။ Wireless စနစ်နဲ့ဖြန့်ဝေပြန်တော့လဲ Frequency Interference တွေရှိနေရင် အဝိုင်းလည်မှာပါ။ လုံလောက်တဲ့ Frequency Bandwidth မရရင်လဲ အဝိုင်းလည်ပါတယ်။ နည်းပညာတွေ အဆင့်မြှင့်ရပါမယ်။ Optimization ပြုလုပ်ဘို့လိုအပ်ပါတယ်။ SEA Games မှာ စမ်းသပ်အသုံးပြုခဲ့တဲ့ LTE စနစ်သုံး Wi-Fi ဟာဆိုရင် ဒီ အဆင့်မှာပါပါတယ်။ စိတ်ကျေနပ်မှုပေးတဲ့ အမြန်နှုန်းကို ရပါတယ်။

အဲဒီတော့ လောလောဆယ် အပိုင်း (၄) ပိုင်းထဲက (၃) ပိုင်းကိုတော့ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပြီး ဖြစ်လို့ ကျန်တဲ့ အပိုင်း (၄) ဖြစ်တဲ့ Access Network ကို ဆက်လက် အဆင့်မြှင့်တင် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ပြိုင်ထဲမှာလည်း ရှေ့က အပိုင်း (၃) ပိုင်းကိုလည်း ယခုထက်ပိုမိုကောင်းမွန်အောင် ဆက်လက် အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းကိုလည်း သိရှိရပါတယ်။ အဝိုင်းကလေး ကလည်ကလည် မဖြစ်ရအောင် အပိုင်း (၄) ပိုင်းစလုံးကို ဟန်ချက်ညီ အဆင့်မြှင့်တင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလိုဆောင်ရွက်သွားနိုင်ရန်မှာ လိုအပ်သော ကောင်းမွန်သည့် စီမံခန့်ခွဲမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

Access Network နဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ သိရှိထားသင့်သည့် အချက်အတွေကို အပိုင်း(၂) မှာ ဆက်လက်ဖေါ်ပြပေးသွားပါမယ်။