၁၄၉ နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ( ၉ ) ရက်

၂၀၂၃ ခုနှစ် (၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။

ထိုသို့ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၉) နှစ်ပြည့် အခမ်းအနားဖြစ်ပါကြောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)တွင် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး အဖွဲ့ဝင်နိုင်ငံများအတွက် လိုအပ်သည့်နည်းပညာ အကူအညီများ၊ စာပို့လုပ်ငန်းဆောင်ရွက်ရာမှာ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်၍ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်ဆောင်ရွက်ပေးသည့်     A Truly Universal Network အဖြစ် ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၊ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း စာပို့ကွန်ရက်များ ပုံမှန်မလည်ပတ် နိုင်သော်လည်း ဒစ်ဂျစ်တယ်နှင့် အိုင်စီတီနည်းပညာများကို စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးချနိုင်သည့် အတွက် အများပြည်သူများကို ဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက် ပေးနိုင်ခဲ့တာကို တွေ့ရှိရကြောင်း၊ စာပို့တိုက်ဝန်ဆောင်မှု အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၏ သော့ချက်မှာ သုံးစွဲသူ၏ ယုံကြည်မှု (Customer Trust) ဖြစ်သည့်အတွက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)မှလည်း ယခုနှစ်အတွက် ဆောင်ပုဒ်ကို “စိတ်ချ ယုံကြည် တွဲလက်ညီ” (Together for Trust) ကို ရွေးချယ်သတ်မှတ်ပြီး အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို အများပြည်သူများ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားပါသည်။

ထို့နောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ်လွှာ Video Clip နှင့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် မှတ်တမ်း Video Clip ကိုပြသပါသည်။

ယင်းနောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ( ၅၂ ) ကြိမ်မြောက် အသက် ( ၁၅ ) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ ( ပြည်တွင်းအဆင့် ) ၌ ပထမဆုကို ကရင်ပြည်နယ် ၊   ဘားအံမြို့နယ်မှ   မနန်းအံ့မွန်အိမ်  ၊  ဒုတိယဆုကို   မွန်ပြည်နယ်  ၊ မုဒုံမြို့နယ်မှ မောင်ဝေဘုန်းလူ ၊ တတိယဆုကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်မှ မောင်သန်းထိုက် နှင့် အထူးဆုကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်မှ မမေမြင့်မိုရ်ကြည် တို့ကို ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ( ၅၂ ) ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ ( ပြည်တွင်းအဆင့် ) ဆုရရှိသူများကိုယ်စား ပထမဆုရှင် မနန်းအံ့မွန်အိမ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများ ၊ တာဝန်ရှိသူများ၊ ဆုရကျောင်းသား/သူများ နှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး (၁၄၉)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင် မှတ်တမ်းဓါတ်ပုံများနှင့် ပြခန်း၊ ပြကွက်များကို ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားသည်။

(၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကို ကမ္ဘာအနှံ့ရှိ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် အသီးသီးကျင်းပခဲ့ကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကို အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန