(၁၆)ကြိမ်မြောက် အာဆီယံ ICT ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး ဒုတိယဝန်ကြီး တက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး သည် (၁၆)ကြိမ်မြောက် အာဆီယံ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သည် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ပြီးနောက်ပိုင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊တယ်လီဖုန်းအသုံးပြုနိုင်မှုသည် ၂၀၁၀-၁၁ခုနှစ်တွင် (၁၀)ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှယနေ့အချိန်တွင် (၉၀)ရာခိုင်နှုန်းကျော်အထိ တိုးတက်သုံးစွဲလာနိုင်ပြီဖြစ်ကြောင်းနှင့် ကျေးလက်ဒေသများအထိ ဆက်သွယ်မှုရရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် Universal Service Fund ကိုအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Universal Service Fund နှင့် စပ်လဉ်း၍လည်း ပေါ်လစီချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးအနေဖြင့် စီးပွားရေးဆိုင်ရာမူဝါဒ(၁၂)ရပ် ချမှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများတွင် Digital ID Card စနစ်၊ Digital Government Strategy နှင့် e-Government စနစ်ဆိုင်ရာလုပ်ငန်းစဉ်များအား ဦးစားပေးဆောင်ရွက်သွားရန် ပါဝင်ကြောင်း၊ အိုင်စီတီကဏ္ဍ တိုးတက်လာသည်နှင့်အမျှ Cyber လုံခြုံရေး ကိစ္စရပ်များသည်လည်း မဖြစ်မနေ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအနေဖြင့်လည်း တွန်းအားပေး ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဘင်ဒါဆရီဘီဂါဝန်မြို့တွင် နိုဝင်ဘာလ (၂၅)ရက်မှ(၂၆)ရက်နေ့အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အာစီယံဆက်သွယ်ရေးကဏ္ဍ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုပ်နိုင်ငံ၊ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ် (ITU) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊၂၀၁၆ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုထုတ်ပြန်ခြင်း၊ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုပ်၊ဂျပန် ကိုးရီးယားနိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) နှင့် အာဆီယံနိုင်ငံများအကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း၊ဘရူနိုင်း ကြေညာစာတမ်း ထုတ်ပြန်ခြင်းနှင့် ASEAN ICT Award 2016 အတွက် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဘရူနိုင်းဒါရူဆလင် ဘုရင် Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah အားအာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အတူတွေ့ဆုံခဲ့ပြီး၊ အင်ဒိုနီးရှား နိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးနှင့် သီးခြားတွေ့ဆုံ၍လည်း ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ အပေါ်ဆွေးနွေးခဲ့ ပါသည်။