၂၀၂၃ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနား ကျင်းပ

၂၈-၉-၂၀၂၃ ရက် ရန်ကုန်မြို့

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနား (World Maritime Day 2023) ကို ယနေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသတွင်းနိုင်ငံများနှင့်  ပြည်တွင်းရှိ ရေကြောင်းဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်ဝန်ထမ်းများ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့က ရေကြောင်းဘက်ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ သင်္ဘောများကြောင့် ဖြစ်ပွားသည့် လေထု၊ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး အတွက် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက် ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “MARPOL ကွန်ဗင်းရှင်း နှစ်ငါးဆယ်၊ ဒို့ကတိအတိုင်း ရှေ့ဆက်မယ်” ဟူ၍ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၇) ချက် တို့နှင့်အညီ ကျွန်ုပ်တို့၏ ကမ္ဘာမြေကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်သမုဒ္ဒရာများကို ကာကွယ်ခြင်းနှင့် ရေရှည်တည်တံ့စွာအသုံးပြုနိုင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း။

MARPOL ကွန်ဗင်းရှင်းသည် သင်္ဘောများကြောင့် ဖြစ်ပွားသော ဆီယိုဖိတ်မှု‌များ၊ အဆိပ်အတောက်ဖြစ်စေသောအရည်များ၊ ထုပ်ပိုးမှုပုံစံ ဘေးအန္တရာယ်ရှိကုန်စည်များ၊ မိလ္လာနှင့် စွန့်ပစ်အမှိုက်များအပါအဝင် အခြားသော အရင်းအမြစ်များမှ ဖြစ်ပွားသော ရေထုညစ်ညမ်းမှု လျှော့ချရာမှာ အဓိက ကျသော ကွန်ဗင်းရှင်းဖြစ်ပါကြောင်း၊ ယနေ့အထိ MARPOL ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၁ နိုင်ငံရှိပြီး ကမ္ဘာ့ကုန်သည်သင်္ဘောတန်ချိန် စုစုပေါင်း၏ ၉၈.၈၉ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ၁ နှင့် ၂ ကို ၁၉၈၈ ခုနှစ်တွင် လည်းကောင်း၊ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ၃၊ ၄ နှင့် ၅ တို့ကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါကြောင်းနှင့် ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို ရေထုညစ်ညမ်းမှုဆိုင်ရာဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ရာသီဥတုပြောင်းလဲခြင်း၊ ပလတ်စတစ်များ ညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ကျွန်ုပ်တို့၏ သမုဒ္ဒရာများကို ကာကွယ်ရန် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်ပေါ်လာ၍ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့က ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့သည့်သင်္ဘောများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ကနဦး မဟာဗျူဟာကို ၂၀၂၃ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊

MARPOL ကွန်ဗင်းရှင်း နှစ် ၅၀ ပြည့် အမွေအနှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် MARPOL အခြေခံမူများနှင့် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ MARPOL ကွန်ဗင်းရှင်းသည် ဥပဒေဆိုင်ရာစာချုပ်စာတမ်း တစ်ခုသာမက သာယာဝပြောသည့် အဏ္ဏဝါ ပတ်ဝန်းကျင်အတွက် မိမိတို့၏ တန်ဖိုးထားမှုများနှင့် မျှော်မှန်းချက်တို့၏ ရောင်ပြန်ဟပ်မှုတစ်ခုလည်း ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရန်၊ သမုဒ္ဒရာများကို ကာကွယ်ရန်နှင့် နောင်လာမယ့် မျိုးဆက်သစ်များအတွက် သာယာဝပြောသော အနာဂတ်တစ်ခုကို သေချာစွာ ချန်ထားခဲ့ရန် မိမိတို့အနေဖြင့် ထပ်မံကတိပြုရမည်ဖြစ်ကြောင်းနှင့် MARPOL ကွန်ဗင်းရှင်းနှင့် မိမိတို့၏ ကမ္ဘာမြေအပေါ် ကတိပြုထားကြသည့်အတိုင်း သဘာဝနှင့် သဟဇာတဖြစ်သည့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို အတူတကွတည်ဆောက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့လာသော သဝဏ်လွှာအား ဖွင့်လှစ်ပြသခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ ၂၀၂၃ ၏ ဆောင်ပုဒ်ဖြစ်သော “MARPOL ကွန်ဗင်းရှင်းနှစ်ငါးဆယ်၊ ဒို့ကတိအတိုင်းရှေ့ဆက်မယ်” နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အစီအစဉ်အရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာသင်္ဘောသားများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ရှာဖွေပေးနိုင်သည့် သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်အကိုင်နေရာချထားခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း(SRPS)ကုမ္ပဏီ(၃)ခုနှင့် ကိုရီးယားပင်လယ်ပြင်၌ ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သည့် သင်္ဘောသားကို သက်စွန့်ဆံဖျားကယ်တင်ခဲ့သည့် ဦးတာရာငယ် (ကုန်းပတ်ကျွမ်းကျင် သင်္ဘောသား) တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက  မြန်မာနိုင်ငံ၏ရေကြောင်းဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြကွက်တစ်ခုချင်းအလိုက် စိတ်ဝင်တစား လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ က ရှင်းလင်းပြသခဲ့ကြပါသည်။

နေ့လယ်ပိုင်းတွင် Myanmar Seafarers Fourm ၊ Stakeholders Consultation Workshop on National Maritime Transport Policy နှင့် Myanmar Port State Control Workshop တို့အား တစ်ပြိုင်တည်း ကျင်းပပါသည်။

ညပိုင်းတွင် ရန်ကုန်မြို့ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားများနှင့် ဆိုက်ကပ်ထားသော သင်္ဘောများတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြာရောင်မီးများ ထွန်းညှိကြောင်း သတင်းရရှိသည်။