ASEAN Cyberkids Camp 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသားနှင့် ကျောင်းသူတို့ တတိယဆုရရှိ

 

ASEAN Cyberkids Camp ပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်းရှိ လူငယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ICT အကြောင်းအရာ ဘာသာရပ်များတွင် ထိုးထွင်း တီထွင်ဖန်တီးမှု၊ အသုံးချတတ်မှု တိုးမြင့်စေရန်နှင့် အာဆီယံဒေသများအတွင်း အကျိုးပြုစေမည့် ပေါင်းစပ်ဖန်တီးမှု၏ ကြိုးစားမှုရလဒ်များဖြင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ကွာဟချက်များကို ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ASEAN Cyberkids Camp 2017 (ACC 2017) ပြိုင်ပွဲအား ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့တွင် Department of Information and Communications Technology မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် (၈) နိုင်ငံမှ ပြိုင်ပွဲဝင် (၂) ဦးနှင့် ကြီးကြပ်အုပ်ချုပ်သူ ဆရာ/ ဆရာမ (၁) ဦးစီဖြင့် စုစုပေါင်း (၂၄) ဦး တက်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါ ACC 2017 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ တက်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် English Speaking နှင့်် Computer Knowledge တတ်ကျွမ်း နားလည်သည့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂) ဦးနှင့် ကြီးကြပ်အုပ်ချုပ်သူ ဆရာ/ ဆရာမ (၁) ဦးတို့၏ အမည်စာရင်းအား ရွေးချယ်ပေးပါရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက  ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသို့ ညှိနှိုင်းအကြောင်းကြားဆောင်ရွက်ခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ အဆိုပါ ACC 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဆဋ္ဌမတန်းမှ ကျောင်းသား မောင်သူရိန်လွင်နှင့် ကျောင်းသူ မအေးချမ်းမြတ်မွန် တို့သည် တတိယဆု ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက ပထမဆု နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံက ဒုတိယဆု အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

သို့ပါ၍ ASEAN Cyberkids Camp 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မောင်သူရိန်လွင် နှင့် မအေးချမ်းမြတ်မွန် တို့၏ နိုင်ငံ့ကိုယ်စားပြု တတိယဆု ရရှိခဲ့ခြင်းအပေါ်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ဂုဏ်ယူဝမ်းမြောက်စွာ ဖေါ်ပြအပ်ပါသည်။