ASEAN Makerthon 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ကျောင်းသားအဖွဲ့က 1st Runner Up ဆုရရှိ

 

ASEAN ICT Masterplan 2020 (AIM 2020) ၏ စီမံကိန်းများအနက် TELSOM စီမံကိန်းအောက်ရှိ ၂၀၁၇ ခုနှစ် လုပ်ငန်း အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ASEAN Makerthon 2017 ပြိုင်ပွဲအား Malaysian Communications and Multimedia Commission (MCMC) က ကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသို့ အာဆီယံ (၁၀) နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံတို့မှ ပြိုင်ပွဲဝင် စုစုပေါင်း (၇၀) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ အဆိုပါပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ASEAN Makerthon 2017 ပြိုင်ပွဲဆိုင်ရာအချက်အလက်များအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သို့ ပေးပို့ခဲ့ပြီး၊ ASEAN Makerthon 2017 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ်က ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များသို့ ပြိုင်ပွဲဝင် Project များ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် တက္ကသိုလ်အသီးသီးမှ တင်ပြလာသောပြိုင်ပွဲဝင် Project အဖွဲ့များအနက်မှ အဖွဲ့ (၃) ဖွဲ့ အားရွေးချယ်၍ ပြိုင်ပွဲဝင်များအတွက် လိုအပ်သော မွမ်းမံသင်တန်းကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့ အထိ သင်ကြားပို့ချပေးခဲ့ပါသည်။

အဆိုပါရွေးချယ်ထားသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားအဖွဲ့ (Extreme- lab) နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ (Teams UIT - ES) အဖွဲ့ (၂) ဖွဲ့ တို့အား မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၏ စီစဉ်ပံ့ပိုးမှုဖြင့် မလေးရှားနိုင်ငံသို့ စေလွှတ်၍ ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ အဆိုပါပြိုင်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (Harbin Institute of Technology) အဖွဲ့က Champion  ဆု၊ မြန်မာနိုင်ငံ (Team UIT-ES) အဖွဲ့က 1st Runner Up ဆု နှင့် မလေးရှားနိုင်ငံ (Team AgentC) အဖွဲ့က 2nd Runner Up ဆုတို့ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ASEAN Makerthon 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် (UIT) မှ မောင်မင်းခန့်လင်း နှင့် မောင်ပြည့်ဖြိုးပိုင် တို့ပါဝင်သော (Team UIT-ES) အဖွဲ့က 1st Runner Up ဆုရရှိခဲ့ခြင်းအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြအပ် ပါသည်။