ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာနအောက်ရှိ ရန်ကုန်မြို့အခြေစိုက်ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအမှူးများနှင့် အဆင့်မြင့်အရာထမ်းများအားတွေ့ဆုံမှာကြား

ရန်ကုန်၊ ၁၇-၆-၂၀၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဒုတိယဝန်ကြီး ဦးလူမွန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ခန်းမဆောင်တွင် ဝန်ကြီးဌာနအောက်ရှိ ရန်ကုန်မြို့ အခြေစိုက် ဌာနများမှ ဌာနအကြီးအမှူးများနှင့် အဆင့်မြင့် အရာထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့တွင် ရုံးစိုက်သည့် ဌာနများမှ ဌာနအကြီးအမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်/အထွေထွေ မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများအား ခန်းမဆောင်၌ တွေ့ဆုံ အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ ဌာနအလိုက် လုပ်ငန်းစွမ်းရည်များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားပါသည်။ ၎င်းနောက် ဌာနအလိုက် ညွှန်ကြားရေးမှူး ရာထူးအဆင့်မှ ညွှန်ကြားရေးမှူးချုပ် ရာထူးအဆင့်အထိ အဆင့်မြင့် အရာရှိကြီးများသည် လုပ်ငန်း အတွေ့အကြုံရှိပြီး၊ လုပ်ငန်းကျွမ်းကျင်ပြီးသူများ ဖြစ်၍ ဌာန၏ ရည်မှန်းချက် တာဝန်များ စဉ်ဆက် မပြတ် အောင်မြင်‌စေရေးတွင် အဓိက ပုဂ္ဂိုလ် (Key Person) များ ဖြစ်ကြပါကြောင်း၊ ရုံးလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ရည်မှန်းချက် ပြည့်မီ၍ ရေရှည် အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲနေသည့် ခေတ်မီ နည်းပညာများကို အသုံးချ၍ ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများ၏ ရုံးလုပ်ငန်း စွမ်းဆောင်ရည် တိုးတက် မြင့်မား လာရေးအတွက် လိုအပ်သလို လေ့ကျင့် သင်ကြားပေးကြရန်နှင့် ၎င်းတို့၏ သက်သာချောင်ချိရေး ကိစ္စများ၊ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ဌာနအလိုက် ရုံး၊ အဆောက်အဦ၊ ပစ္စည်း နှင့် ဝန်ထမ်းလုံခြုံရေးတို့ကို အထူးသတိပြု ဆောင်ရွက်ရန် စသည်တို့ကို မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒလမြို့နယ်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ဒလသင်္ဘောကျင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက သင်္ဘောကျင်း၏ လုပ်ငန်း ဆောင်ရွက်နေမှု အစီအစဉ်များ တင်ပြချက်အပေါ် လွန်းကျင်းများတွင် လွန်းတင် ပြင်ဆင်မှုများအား သတ်မှတ် လွန်းကျင်း လျာထားချက်အချိန် (Docking Schedule) များအတိုင်း ဆောင်ရွက်ကြရန်၊ မိမိ လွန်းကျင်းများ စံချိန် စံညွှန်းနှင့်အညီ ကြံ့ခိုင် ကောင်းမွန်ရေး၊ ပြင်ပ ရေယာဉ်များ တည်ဆောက်ခြင်း၊ လွန်းတင် ပြင်ဆင်ခြင်းဖြင့် ဝင်ငွေရရှိအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ခြင်း၊ သန့်ရှင်း သပ်ရပ်ရေး၊ စနစ်တကျ ရှိရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန