ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် လက်အောက်ခံဌာနများအား ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၈) ရက်

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနရှိ ဌာနအကြီးအမှူးများ၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဘွဲ့ရ မောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘွဲ့ရမောင်မယ်များအား အမှာစကား ပြောကြား ရာတွင် ယခု ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မဟာအင်ဂျင်နီယာ ဘွဲ့(၆)ဦး၊ အင်ဂျင်နီယာပညာဘွဲ့ (၅၃) ဦး၊ ရေကြောင်းသိပ္ပံ(ဂုဏ်ထူး)ဘွဲ့(၁၄)ဦး၊ ရေကြောင်းသိပ္ပံဘွဲ့ (၃)ဦးနဲ့ ဘွဲ့လွန် ဒီပလိုမာဘွဲ့(၇၂)ဦး၊ စုစုပေါင်း (၁၄၈)ဦးတို့ကို သက်ဆိုင်ရာ ဘွဲ့အသီးသီး အပ်နှင်းသွားမှာ ဖြစ်ပါကြောင်း၊ အမိတက္ကသိုလ်ကြီးအနေနဲ့ မောင်တို့မယ်တို့အတွက် အခြေခံကောင်းများကို သင်ကြား ပို့ချပေးခဲ့ပြီး ဖြစ်လို့ စဉ်ဆက်မပြတ် လေ့လာမှုတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်မှာ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ အလေးအနက်ထား တိုက်တွန်းလိုကြောင်း၊  ရေကြောင်းပို့ဆောင်ရေးကဏ္ဍဟာ နိုင်ငံတိုင်း၏ ကုန်သွယ် စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးတို့မှာ သာမက ကမ္ဘာလှည့် ခရီးသွားကဏ္ဍနဲ့ အခြားသော နိုင်ငံတော် စီးပွားရေးကို အထောက်အကူပြုသည့် ကဏ္ဍများတွေမှာပါ အလွန်အရေးပါလျက် ရှိပါကြောင်း၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အစဉ် ဖွံ့ဖြိုး တိုးတက်နေစေရေးအတွက် လိုအပ်လျက်ရှိတဲ့ ပညာရှင်တွေကို မွေးထုတ်ပေးလျက်ရှိရာ ၂၀၀၇ ခုနှစ်မှ စတင်၍ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားများ စတင် ဆောင်ရွက်ခဲ့ရာ ယခုဘွဲ့နှင်းသဘင် အပ်နှင်းသည့် ကာလအထိ ဘွဲ့ရကျောင်းသား/ကျောင်းသူ (၄၂၈၅) ဦး၊ ဘွဲ့လွန် ဒီပလိုမာ ကျောင်းသား/ ကျောင်းသူ (၁၀၆၈)ဦး၊ စုစုပေါင်း(၅၃၅၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်ရေး (Maritime Trade)ဟာ ကမ္ဘာ့စီးပွားရေးမှာ  အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသလို နိုင်ငံတော်၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ရဲ့ ၇၅ ရာခိုင်နှုန်းခန့်ဟာ ပင်လယ်ရေကြောင်းက တစ်ဆင့် သယ်ဆောင်ပေးနေတာကို တွေ့ရှိရမှာ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏကို နိုင်နင်းစွာ ကိုင်တွယ် ဆောင်ရွက်နိုင်ရန်အတွက် ပင်လယ်ရေကြောင်း ကဏ္ဍ အခြေခံအဆောက်အဦများ ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာ များကို ထိရောက် အကျိုးရှိစွာ အသုံးချခြင်း၊ ကျွမ်းကျင် ထက်မြက်တဲ့ လူ့စွမ်းအား အရင်းအမြစ်များ ပြုစု ပျိုးထောင်ခြင်းတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ အလွန် အရေးကြီးပါကြောင်း၊ မိမိနိုင်ငံတော်နှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ ရေမြေကို စောင့်ထိန်း ကာကွယ်လိုသည့် စိတ်ထားများ ရှိရန်လိုအပ်ကြောင်း၊ တက္ကသိုလ်ကြီးမှ သင်ကြားပေးလိုက်သည့် စာပေ ပညာများကို အသုံးချပြီး လက်တွေ့ဘဝ နယ်ပယ်မှာ အောင်မြင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်စေရေး ကြိုးပမ်း ထမ်းဆောင်ကြဖို့ ဖြစ်ကြောင်း၊ အထူးသဖြင့် အစဉ်သင်ယူနေကြရတဲ့ လူ့ဘောင်အဖွဲ့အစည်း (Learning Society)မှာ မိမိတို့အနေဖြင့် အစဉ်လေ့လာသင်ယူနေသူများ (Life Long Learner) ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်ဝင်း အတွင်းရှိ ဘတ်စ်ကတ်ဘောကွင်း တည်ဆောက်ပြီးစီးမှု အခြေအနေ၊ Recreation Center ပြန်လည် ပြုပြင် မွမ်းမံထားမှု အခြေအနေ၊ ဘောလုံးကွင်း ပြုပြင်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် သန်လျင်(ပျဉ်ထောင်ကျောင်း) ရှိ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန တို့၏ ဂြိုဟ်တု ဆက်သွယ်ရေး မြေပြင်စခန်း(သန်လျင်)နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း GMDSS ရေဒီယိုစခန်းများသို့ ရောက်ရှိရာ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ထို့နောက် ဂြိုလ်တုဆက်သွယ်ရေး မြေပြင်စခန်း၏ ဆက်သွယ်မှု စနစ်များ အသုံးပြုနေမှု၊  Myanmar Satellite-2 ဂြိုလ်တု Channel များ အသုံးပြုနေမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း GMDSS စခန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြ ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စခန်းအတွင်း တပ်ဆင်ထားရှိသည့် ဂြိုဟ်တု ဆက်သွယ်ရေး စက်ပစ္စည်းတို့ကို ကြည့်ရှု စစ်ဆေးပြီး ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းများအား သတ်မှတ်ထားသည့် SOP (Standard Operation Procedure) များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ဆက်သွယ်ရေး ဆက်ကြောင်းများ အစဉ်ကောင်းမွန်စေရေး ဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် e-Government Disaster Recovery Data Center တည်ဆောက်မည့် နေရာနှင့် တည်ဆောက်မည့် အစီအစဉ်တို့ကို သွားရောက် စစ်ဆေး၍ ရှင်းလင်း တင်ပြချက်များအပေါ် လုပ်ငန်းများ အမြန် စတင်နိုင်ရေး သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီစေရေးတို့အား အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၏ တံတားဘောင် အလုပ်ရုံ၊ ယန္တရားအလုပ်ရုံ (မလွှကုန်း)နေရာ ရောက်ရှိရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအောက်မှ ဝယ်ယူထားသည့်  စက်ယန္တရား များအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ယန္တရားများ၏ အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရောက်ရှိလာရာ စက်ရုံမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး စက်ရုံဝင်းအတွင်းရှိ ဂျပန်နိုင်ငံမှ ရောက်ရှိ လာသည့် DEMU တွဲဆိုင်းသစ်များအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက တွဲဆိုင်းပါ စက်ခေါင်း၊ တွဲအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တွဲဆိုင်းပါ စက်ခေါင်းနှင့် တွဲများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန