ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Word 2019 နှင့် MySQL Database သင်တန်းများဖွင့်ပွဲ

            ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Word 2019 နှင့် MySQL Database သင်တန်းများဖွင့်ပွဲကို မေလ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်း အထောက်အကူပြုတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း (၂၆)ခုမှ စုစုပေါင်းသင်တန်းသား (၅၅)ဦး တက်ရောက်ကြောင်း သိရပါသည်။ 
          ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Microsoft Office Word 2019 သင်တန်းကို အခြေခံ ကွန်ပျူတာအကြောင်းအရာများ သိရှိစေနိုင်ရန်၊ ရုံးစာရေးသားနည်း၊ အင်္ဂလိပ်၊ မြန်မာ စာစီစာရိုက်နည်းနှင့် ဇယား၊ ပုံ၊ ဂရပ်များအသုံးပြုနည်း၊ မိမိတို့လုပ်ငန်းအလိုက် လိုအပ်သော အချက်အလက်ပုံစံများရရှိအောင် ဖန်တီးပြုလုပ်နည်းများကို လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် MySQL Database သင်တန်းကို Web Applications များ၊ Website နှင့် Database များချိတ်ဆက်အသုံးပြုနိုင်ရန်၊ ဝန်ကြီးဌာနများ၏ Website တွေမှာ အသုံးပြုထားသော Database system ကို စီမံခန့်ခွဲတတ်စေရန် Project ပြုလုပ်၍ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
        ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်း သားများအနေဖြင့် မိမိတို့၏ သင်တန်းမှရရှိသော အိုင်တီဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို့ဌာနမှာ Knowledge Sharing ပြုလုပ်ပြီး ပြန်လည် အသုံးချနိုင်စေရန်၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဌာနအတွက်ရော မိမိအတွက်ပါ အကျိုးရှိစေရန်၊ သင်တန်းမှ ဆွေးနွေး ပို့ချမည့် အကြောင်းအရာများကို ကြိုးစား လေ့လာသင်ယူရန်နှင့် ကိုဗစ်စည်းကမ်းချက်များနှင့် အညီ နေထိုင်ပြီး သင်တန်းကို စည်းကမ်းရှိရှိ၊ စနစ်တကျဖြင့် ဝိုင်းဝန်း ကြိုးစားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
        Microsoft Office Word 2019 နှင့် MySQL Database သင်တန်းများ၏ သင်တန်းကာလမှာ (၂.၅.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းအား classroom ဖြင့်ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရပါသည်။ 
        သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာ လုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။