ယာဉ်မှန်/ မမှန်စစ်ဆေးပေးခြင်းကိစ္စ

 

၁။      ယနေ့အချိန်တွင် ယာဉ်မှန်/ မမှန်စစ်ဆေးခြင်းများ များပြားလာသည်နှင့်အမျှ ယာဉ်ပိုင်ရှင်များ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မှန်/ မမှန်စစ်ဆေးခြင်းကို ကြိုတင်ရက်ချိန်းရယူသည့်စနစ်(Online Booking System)ဖြင့် ၂၀.၈.၂၀၁၈ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။      Online Booking System ဖြင့် ယာဉ်မှန်/ မမှန် လာရောက်ဆောင်ရွက်သည့် ယာဉ်စီးရေအား စိစစ်ရာ ရက်ချိန်းယူထားသည့် ယာဉ်စီးရေ၏ ၆၀% သာ အမှန်တကယ် လာရောက် ဆောင်ရွက်ပြီး ကျန် ၄၀%မှာ လာရောက်ဆောင်ရွက်ခြင်း မရှိသောကြောင့် အမှန်တကယ် ဆောင်ရွက်လိုသောယာဉ်များအတွက် အခက်အခဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နေရသဖြင့် အမှန်တကယ် လာရောက်ဆောင်ရွက်ခြင်း မပြုဘဲ ကြိုတင်ရက်ချိန်းရယူခြင်း မပြုရန် ၁၁.၉.၂၀၁၈ ရက်၌ အသိပေး နှိုးဆော်ထားပြီး ဖြစ်ပါသည်။

၃။      ယခုအခါ မသမာသူများအနေဖြင့် အချိန်မစောင့်ဆိုင်းလိုသည့် လုပ်ငန်းဆောင်ရွက်သူများ၏ ဆန္ဒကို အခွင့်ကောင်းယူပြီး Online Booking စနစ်ဖြင့် ကြိုတင်ရက်ချိန်း ရယူခြင်း မပြုဘဲ ရုံးဝန်ထမ်းများက ရုံးပြင်ပတွင် အခကြေးငွေယူ၍ ဆောင်ရွက်ပေးကြောင်း လိမ်ညာပြောဆိုပြီး ကညနဝန်ထမ်းအသွင်ဖြင့် လိမ်လည် ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရပါသည်။

၄။      ယာဉ်မှန်/ မမှန် စစ်ဆေးခြင်းသည် ယာဉ်၏ဘောင်အမှတ်နှင့် ဘောင်အမှတ်ပါ Member တန်းတစ်လျှောက် ဆက်စပ်နေသော ယာဉ်၏အစိတ်အပိုင်းများအား စိစစ် ဆောင်ရွက်ရသကဲ့သို့ အဆိုပါယာဉ်အတွက် ထုတ်ပေးထားသည့် အထောက်အထားများဖြစ်သည့် Certificate of Vehicle Registration (CVR), Vehicle Inspection Sticker (VIS), ယာဉ်မှတ်ပုံတင်စာအုပ် စသည် တို့အား ရုံးရှိမှတ်တမ်းများနှင့် တိုက်ဆိုင် စိစစ်၍ မှန်ကန်မှုရှိ/မရှိ ထုတ်ပြန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်ပါ၍ ရုံးပြင်ပတွင်  မည်သို့မျှ ဆောင်ရွက်၍ မရနိုင်ပါ။

၅။      သို့ဖြစ်ပါ၍ ရုံးပြင်ပ၌ အင်ဂျင်နီယာများဖြင့် စစ်ဆေးပေးမည်ဟူ၍ ပြောဆိုကာ ငွေကြေးတောင်းခံ နေခြင်းများသည် လိမ်ညာရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ယာဉ်ပိုင်ရှင်များ သတိမူနိုင်ကြပါရန်နှင့် ထိုသို့ လိမ်ညာဆက်သွယ်မှုများ တွေ့ရှိပါက သက်ဆိုင်ရာ ကညနရုံးများသို့ ဆက်သွယ် အကြောင်းကြားပေးနိုင်ပါရန် အသိပေးအပ်ပါသည်။

 

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန