အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် High-level Conference on COVID-19 အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းတက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၂၂

         

          အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation Organization-ICAO) က ကြီးမှူး၍ Video Conference စနစ်ဖြင့်  ကျင်းပသည့် High-level Conference on COVID-19 (HLCC 2021) ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၂) ရက်နေ့ ညနေ (၅) နာရီက ပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။

          အဆိုပါ HLCC 2021 သည် အောက်တိုဘာလ (၁၂) ရက်နေ့မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၂) ရက်နေ့တွင် ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ အခမ်း အနားကို အစီအစဉ် (၅) ခုဖြင့် ကျင်းပရာ ပထမဦးစွာ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ Mr. Salvatore Sciacchitano က အမှာစကားပြောကြားပါသည်။ ယင်းနောက် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးနှင့် လွယ်ကူချောမွေ့စေရေး ကဏ္ဍအသီးသီးတွင် ဆွေးနွေးခဲ့ သည့် ရလဒ်များကို ICAO တာဝန်ရှိသူများက တင်ပြပါသည်။ ဆက်လက်၍ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပါသည်။

          ဒုတိယဝန်ကြီးက ပါဝင်ဆွေးနွေးရာတွင်  HLCC 2021 အား ယခုလို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ သည့်အတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ Mr. Salvatore Sciacchitano နှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ဒေသ အသီးသီးသို့ ကနဦးလေကြောင်း ပျံသန်းမှုများ စတင်နိုင်ရေးအတွက် ပိုမိုတိုးမြှင့်ကြိုးပမ်းရန်၊ လေကြောင်းခရီးသည်များအား ကာကွယ်ဆေး ထိုးနှံရန်နှင့် ဆက်စပ်နေသည့် ကပ်ရောဂါကူးစက်မှု လျော့ပါးရေးလုပ်ငန်းများ စသော ကာလတိုအစီအစဉ်များအပါအဝင် လေကြောင်းပို့ဆောင်ရေးကဏ္ဍ ခံနိုင်ရည်ရှိမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးတို့အတွက် ကာလလတ်နှင့် ကာလရှည်တွင် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ပေါ်ပေါက်လာသော လေကြောင်းပို့ဆောင်ရေးကဏ္ဍ၏ အခက်အခဲများကို ဘေးကင်းလုံခြုံမှုအစီအမံများနှင့် လွယ်ကူချောမွေ့စေရေး အစီအမံများ ချမှတ်၍ နိုင်ငံတကာ လေကြောင်း ပျံသန်းမှုများ ဆောင်ရွက်သွားမည့်အပေါ် ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များ၊ နည်းပညာလွှဲပြောင်းပေးမှု အကူအညီများသည် လွန်စွာအရေးပါမှု ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ "No country left behind" ဆောင်ပုဒ်နှင့်အညီ လေကြောင်းကဏ္ဍ ဘေးကင်းလုံခြုံ၍ စွမ်းဆောင်ရည်ရှိစွာ ပြန်လည်တည်ထောင်နိုင်ရေး၊ ခံနိုင်ရည်ရှိရေးနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ခွဲမှုနှင့်အတူ ဘေးကင်းလုံခြုံပြီး စွမ်းဆောင်ရည်ပြည့်ဝသည့်  လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ပြန်လည်တည်ထောင်နိုင်ရေးကို အဖွဲ့ဝင်နိုင်ငံများအားလုံး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက် သွားရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          ယင်းနောက်အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ဝန်ကြီးအဆင့် အစည်းအဝေး ကြေညာချက် Ministerial Declaration of High-level Conference on COVID-19 ကို အတည်ပြုပြီးနောက် ပိတ်ပွဲအခမ်းအနားအစီအစဉ်များကို ရုပ်သိမ်းခဲ့ပါသည်။      HLCC 2021 သို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ် အဖွဲ့ဝင် (၁၉၃) နိုင်ငံမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ဒုတိယဝန်ကြီးနှင့်အတူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန