ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးကော်မတီပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

          ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများတည်ဆောက် ရန် မြေယာအသုံးပြုမှုစီမံခန့်ခွဲရေးကော်မတီပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်သွယ်ရေးအခြေခံ အဆောက်အဦများချခင်း တည်ဆောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများအားဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ ချခင်းတည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှင်မြန်စွာ ခွင့်ပြုနိုင်ရေးနှင့် Broadband Master Plan ရေးဆွဲနိုင်ရေးကိစ္စများအားဆွေးနွေးခဲ့ကြပါသည်။

          ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကုမ္ပဏီများမှ တင်ပြလာသည့်အခက်အခဲများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနမှ စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများတည်ဆောက်ရာတွင် သက်ဆိုင်ရာ မြေနှင့်အဆောက်အအုံကို စီမံခန့်ခွဲခွင့်ရှိသူသို့ ပေးဆောင်ရသည့် အခကြေးငွေများနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြဆွေးနွေးပါသည်။ 

          အစည်းအဝေးတက်ရောက်လာသည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကလည်း  ၎င်းတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်သွယ်ရေးအခြေခံအဆောက်အဦများ ချခင်း တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် လယ်ယာမြေအား   အခြားနည်းသုံးစွဲခွင့်ဆိုင်ရာကိစ္စများ ၊ ဆက်သွယ်ရေးအခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက် အအုံစီမံခန့်ခွဲခွင့်ရှိသူသို့ ပေးဆောင်ရသည့် အခကြေးငွေများစျေးနှုန်းကြီးမြင့်နေမှု စသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။