ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Data Centre အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် Data Centre အဆောက်အဦ တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးက Data Centre အဆောက်အဦ တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစဉ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကျော်မိုးဦးနှင့် တာဝန်ရှိသူများက အဆောက်အဦ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးက Data Centre တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ Data Centre ဖြစ်သည်နှင့်အညီ စက်ကိရိယာများ တပ်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တည်ဆောက်ရေးအဖွဲ့နှင့် စက်ကိရိယာ တပ်ဆင်ရေးအဖွဲ့များ ကြိုတင်၍ အသေးစိတ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို မှာကြားခဲ့သည်။

အဆိုပါ Data Centre တည်ဆောက်ပြီးစီးပါက မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ မိုးလေ၀သ၊ ဇလဗေဒ မှတ်တမ်းများ၊ မိုးလေ၀သ ဂြိုဟ်တုနှင့် ရေဒါမှ သတင်းအချက်အလက်များကို စနစ်တကျ စုစည်းသိမ်းဆည်းနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သတင်းအချက်အလက်များအား မှန်ကန်မှုရှိစေရေးအတွက် တွက်ထုတ်နိုင်ခြင်း၊ သင်္ချာပုံစံပြုမော်ဒယ်များဖြင့် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို တိကျမှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန