ဒုတိယဝန်ကြီး ဦးအောင်မြိုင် မော်လမြိုင်ဘူတာကြီး၊ စက်ခေါင်းစက်ရုံများနှင့် သံလွင်တံတား(မော်လမြိုင်)ရှိ ရထားလမ်းကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

          မော်လမြိုင်၊ ဒီဇင်ဘာ  ၂၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့ သွားရောက်၍ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန(ရန်ကုန်)၊ မော်လမြိုင်ဘူတာကြီး၊ ကွန်ကရစ် ဇလီဖားစက်ရုံ(မုတ္တမ) ၊ စက်ခေါင်းပြင် စက်ရုံ (မုတ္တမ) ၊ စက်ခေါင်းပြင်စက်ရုံ(မော်လမြိုင်)နှင့် ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား (မော်လမြိုင်) ရှိ ရထားလမ်း ကြံ့ခိုင်မှု အခြေအနေတို့အား စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန(ရန်ကုန်)သို့ သွားရောက်၍ စတိုပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ အဆိုပါပစ္စည်းများ ထိန်းသိမ်းထားရှိသည့် ဂိုထောင်များ သန့်ရှင်းသပ်ရပ်မှုရှိအောင် ရှင်းလင်းဆောင်ရွက်ရန်၊ စတိုပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ သီးခြားစီခွဲ၍ ထိန်းသိမ်းထားရှိရန်၊ သတ်မှတ်လုပ်ငန်းစဉ်အတိုင်း စတိုပစ္စည်းများကို လက်ခံထုတ်ပေးခြင်းများ ပြုလုပ်သွားရန်နှင့် စတိုဂိုထောင် ပတ်ဝန်းကျင်ရှိ မြက်၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်သို့ ရောက်ရှိပြီး ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား(မော်လမြိုင်)၏ ကြံ့ခိုင်မှုအခြေအနေအား RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး ချဉ်းကပ်တံတားရှိ ရထားသံလမ်း ကြံ့ခိုင်မှုများကို ပုံမှန်စစ်ဆေးသွားရန်နှင့် ပင်မတံတားရှိ ဆွေ့မြေ့နေသည့် သစ်သားဇလီဖားများအား စစ်ဆေးလဲလှယ်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်လမြိုင်ဘူတာသို့ သွားရောက်၍ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၈၂) အစုန်၊ လူစီးအမြန်ရထားပေါ်သို့ တက်ရောက်စစ်ဆေးခဲ့ပြီး ရထားတွဲများ သန့်ရှင်းသပ်ရပ်မှု ရှိစေရန်၊ ရထားတွဲရှိ သန့်စင်ခန်းများအတွင်း ရေလုံလောက်စွာ ထားရှိရန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိသွားရန်၊ ထို့ပြင် ဘူတာအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာ နားနေသွားလာနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန်၊ ဘူတာအတွင်း ရေ၊ မီး လုံလောက်စွာ ရရှိစေရန်၊ ဘူတာယာဒ်ဝင်းအတွင်း အမှိုက်များ မရှိစေရန်နှင့် ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်နှင့် ပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

၎င်းအပြင် ဒုတိယဝန်ကြီးသည် ကွန်ကရစ်ဇလီဖားစက်ရုံ (မုတ္တမ)တွင် ကွန်ကရစ်ဇလီဖား၊ သံလမ်းထိန်းကလစ်များနှင့် ရထားလမ်းဆိုင်းဘုတ် ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက် စစ်ဆေးခဲ့သည့်အပြင် စက်ခေါင်းပြင်စက်ရုံ(မုတ္တမ)နှင့် စက်ခေါင်းပြင်စက်ရုံ(မော်လမြိုင်)များသို့ သွားရောက် စစ်ဆေးခဲ့ပြီး စက်ခေါင်းများ ပြုပြင်ရာတွင် သတ်မှတ်ထားသည့် Scheduleအတိုင်း စနစ်တကျ ကောင်းမွန်အောင်ပြုပြင်ရန်၊ Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းရန် ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန