ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဝန်ကြီးများအစည်းအဝေး ( 2nd ASEAN Digital Minister’s Meeting – 2nd ADGMIN )နှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့အစည်းအဝေး ကျင်းပခြင်း

     ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေး၏ ဒုတိယနေ့ ကို (၂၈.၁.၂၀၂၂) ရက်နေ့တွင် ဆက်လက်ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Zhang Yunming နှင့် အိန္ဒိယနိုင်ငံ၊ ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. DEVUSINH CHAUHAN တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

  တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆွေးနွေးရာတွင် အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ် စီးပွားရေးနှင့် မူဝါဒဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ၂၀၂၂ ခုနှစ်တွင် အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့်နယ်ပယ်များ၊ ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ၂၀၂၂ ခုနှစ်အတွင်း ASEAN-China Digital Work Plan အရ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းတို့ကို အာဆီယံနိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့က အမြင်ချင်းဖလှယ်ဆွေးနွေးကာ Action Plan for Implementing the ASEAN-China Partnership on Digital Economy (2021-2025) နှင့် ASEAN-China Digital Work Plan 2022 တို့ကို အတည်ပြုခဲ့ပါသည်။

   ဆက်လက်၍ အိန္ဒိယနိုင်ငံနှင့်ဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ၂၀၂၂ ခုနှစ်အတွင်း ASEAN-India Digital Work Plan အရ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံ နိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ်တို့က အမြင်ချင်းဖလှယ်ဆွေးနွေး ASEAN-India Digital Work Plan 2022 ကို အတည်ပြုပြီး ဆွေးနွေးဖက်နိုင်ငံများနှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ အစည်းအဝေး များအား ရုပ်သိမ်းခဲ့ပါသည်။ 

   ထို့နောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးအား ဆက်လက် ကျင်းပရာ တတိယအကြိမ်မြောက်  အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ဆွေးနွေးအတည်ပြုကြပြီး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲ

   နေ့လည်ပိုင်းတွင် ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်းဝန်က အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက် (Joint Media Statement) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်တွင်းသတင်း မီဒီယာများမှ မေးခွန်းများ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။

ASEAN ICT Awards 2021 ဆုချီးမြှင့်ခြင်းအခမ်းအနား

    ယင်းနောက် ASEAN ICT Awards 2021 ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသို့ အာဆီယံနိုင်ငံများမှ ပြိုင်ပွဲဝင်အဖွဲ့ပေါင်း (၉၅) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲကဏ္ဍ (၆) ခု အလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အာဆီယံနိုင်ငံများမှ အဖွဲ့ (၁၈) ဖွဲ့အား အွန်လိုင်းမှတဆင့် ဆုချီးမြှင့်၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ဂုဏ်ပြုစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ ASEAN ICT Awards အတွက် Virtual စနစ်ဖြင့် ဆုချီးမြှင့် ပေးအပ်သည့် ပထမဦးဆုံးအခမ်းအနား ဖြစ်ပါသည်။

    ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံ ဒီဂျစ်တယ်ဝန်ကြီးများ အစည်း အဝေးသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံ (၁၀) နိုင်ငံ မှ ဒစ်ဂျစ်တယ် ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။