နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၁၉

ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့၏  (၁/၂၀၂၄) ညှိနှိုင်း အစည်းအဝေးကို ၁၉-၁-၂၀၂၄ ရက်၊ နံနက် (၀၉:၃၀) နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း အခြားနိုင်ငံများထက် ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ ပထဝီဝင် အနေအထားနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေနှင့်ပတ်သက်သည့် အခက်အခဲ ပြဿနာများ နှစ်စဉ်ကြုံတွေ့နေရသဖြင့် ရေကဏ္ဍစီမံခန့်ခွဲမှုများသည် အရေးပါလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အဓိကမြစ်ကြီးများနှင့် ဆက်နွယ်နေသည့် မြစ်ဝှမ်းဒေသများအတွင်းရှိ ရေအားအရင်းအမြစ်များကို လေ့လာ၍ နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ မြစ်ကြီးများနှင့် ဆက်နွယ်သည့် စိုက်ပျိုးရေနှင့် သောက်သုံးရေ ပေးဝေရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ ရေနှင့်ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးလုပ်ငန်းများမှတဆင့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပိုမိုအထောက် အကူပြုနိုင်မည် ဖြစ်ကြောင်း၊ အဖွဲ့က လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရေအားအရင်းအမြစ်ပမာဏ တိုင်းတာတွက်ချက်ရေး လုပ်ငန်း အဖွဲ့ခွဲနှင့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ရေး လုပ်ငန်းအဖွဲ့ခွဲတို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးများနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အချက်အလက်များကို စုစည်းပြုစု၍ တင်ပြလျက်ရှိကြောင်း၊ မြစ်ကြီးများ၏ အချက်အလက်များ လေ့လာတိုင်းတာ စုဆောင်းရာတွင် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ရေဝေရေလဲဒေသ ပြောင်းလဲမှုများနှင့် သဲနုန်းပို့ချမှုတို့ကြောင့် မြစ်များ၏ အခြေအနေနှင့် အချက်အလက်ပြောင်းလဲမှုများ ရှိနိုင်သဖြင့် သတိပြုလေ့လာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ တိုင်းတာလေ့လာမှုများမှ ရရှိသည့်အချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ နိုင်ငံတော်အတွက် ရေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ပါက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များ (Sustainable Development Goals) ကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် အဖွဲ့၏လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်၍ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းမှုနှင့် (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့မှု၊ အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ အချက်အလက်များ စုဆောင်းထားရှိမှု၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် အချက်အလက်များပေးပို့မှု၊ အချက်အလက် စုဆောင်းရရှိမှုအပေါ် သုံးသပ်တင်ပြချက်၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရေအားအရင်း အမြစ်စူးစမ်းလေ့လာရေးအဖွဲ့ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က Power Point Presentation ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန အဖွဲ့အစည်းအလိုက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးနှင့် ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေး အဖွဲ့၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာဆောင်ရွက်နိုင်ရေး အတွက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို ၇.၃.၂၀၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၂၂ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ထိုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် မြစ်ကြီးများနှင့်သက်ဆိုင်သည့် ရေဆိုင်ရာ အချက်အလက်များကို တိုင်းတာတွက်ချက်ကာ စနစ်တကျ စုစည်းမှတ်တမ်းတင် ထားရှိနိုင်ပြီး ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအကြား အချက်အလက်များ မျှဝေသုံးစွဲမှု၊ မြစ်ကြီးများနှင့် ဆက်နွယ်သည့် ရေဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရေနှင့်ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများကို ထိရောက်စွာ အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏  (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအသီးသီးမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန