နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် စစ်တွေမြို့ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်နေမှု အခြေအနေ၊ မုန်တိုင်းဒဏ်သင့်ဒေသများသို့ ပို့ဆောင်ပေးမည့် ရေယာဉ်များပေါ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးနှင့် မိုးစပါးများ အပြည့်အဝစိုက်ပျိုးနိုင်အောင် ရေငန်တားတာများ ပြန်လည်ပြုပြင်ရေး ဆောင်ရွက်

စစ်တွေ   မေ  ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကမ်းနားလမ်း တစ်လျှောက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်ပြီးစီးမှုနှင့် သန့်ရှင်းရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စစ်တွေစာတိုက်ကြီးရှိ စာတိုက်အဆောက်အဦ ပျက်စီးထိခိုက်မှုနှင့် ပြန်လည်ပြုပြင်ရန် စီမံဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဌာန၏ လုပ်ငန်းတာဝန်များ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရေး မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်သင့် ဒေသများသို့ ပို့ဆောင်ပေးမည့် တပ်မတော် ကမ်းထိုးရေယာဉ်များပေါ်သို့ စက်ယန္တရားများဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ စုစုပေါင်း ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခု ရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ကျန်စခန်း ၃၂၉ ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာမှ မြေပေါ်မြေအောက် ဖိုင်ဘာကေဘယ်လ်များ ပြုပြင်ခြင်း၊ အချို့သော မိုက်ခရိုဝေ့ဖ်  ဆက်ကြောင်းများကို ဖိုက်ဘာ ဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းနှင့် မိုဘိုင်းစခန်း ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်း စုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် စုစုပေါင်း မိုဘိုင်း စခန်း ၁၀၉၇ စခန်း ရာခိုင်နှုန်းအားဖြင့် ၈၈ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်သည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသော ရေငန်တား တာ (၃၂)ခုအနက် မောင်တောမြို့နယ် ခြံပြင်တာ၊ မြောက်ဦးမြို့နယ် ကုလားပုန်းကျွန်းပတ်တာ၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းတာ အပိုင်း()နှင့် အပိုင်း ()တို့တွင် တာရေကျော်တိုက်စားခြင်း၊ ကျိုးပေါက်ခြင်းများဖြစ်ပေါ်ခဲ့သည်။

ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော တာများကို မိုးမကျမီ ပြုပြင်ပေးနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမှာ မြေကျင်းစုစုပေါင်း ၃၂၉၃၃ ကျင်းရှိသည့်အတွက် စက်ယန္တရားများ လုပ်ငန်းခွင်များသို့ အချိန်မီရောက်ရှိအောင် စီမံဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို  မေ ၂၁ ရက်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

မေ ၂၇ ရက်အထိ မြေကျင်းပေါင်း (၁၀၃၆၅)ကျင်းခန့် ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး လုပ်ငန်းအားလုံးကို ဇွန် (၃)ရက်တွင် ရာနှုန်းပြည့် ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိခိုက်ပျက်စီးသွားသော ရေငန်တား တာ() ခုကို မိုးမကျမီ ပြီးစီးအောင် ပြုပြင်ပေးခြင်းအားဖြင့် စုစုပေါင်း ရေဘေးကာကွယ် ဧရိယာ (၁၄၂၂၅)ဧကအတွင်း ဒေသခံတောင်သူများ၏ မိုးစပါးများ အပြည့်အဝ စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။