နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး ( 2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN ) နှင့်ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့ မိန့်ခွန်းပြောကြား

       ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး (2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN) ကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video Message ပေးပို့၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

         အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမမှ တက်ရောက်ကြပြီး အာဆီယံ (၁၀) နိုင်ငံမှ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ကြပါသည်။

         အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်း နှင့် ASEAN သီချင်းတို့ဖြင့် စတင်၍ ဂုဏ်ပြုဖွင့်လှစ်ခဲ့ပါသည်။

အဖွင့်မိန့်ခွန်းပြောကြား

   အစီအစဉ်အရ ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗီဒီယိုမက်ဆေ့ ပေးပို့၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

     ထို့နောက် ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

          ယင်းနောက် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး မြန်မာ့ယဉ်ကျေးမှုနှင့် သဘာဝအလှအပများကို ဖော်ကျူးသည့် ဗီဒီယိုကို ဖွင့်လှစ်ပြသကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆွေးနွေးအတည်ပြု  

           ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ၂၀၂၁  ခုနှစ် အတွက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာဝန်ကြီးဌာန ဝန်ကြီး ကိုယ်စား ဒုတိယအထွေထွေအတွင်းရေးမှူး  Madam Mastura Ahmad Mustafa က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးတွင် လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။ ယင်းနောက် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ၏ ရလဒ်များ အကောင်အထည်ဖော်မှုအပေါ် လမ်းညွှန်မှုပေးခြင်း၊ ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “ Digital Transformation: the Engine for ASEAN Economic Recovery from COVID-19” “ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း – ကိုဗစ် (၁၉) အလွန် အာဆီယံဒေသ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေမည့်တွန်းအား” နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံအလိုက် အလှည့်ကျ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။

        ထို့နောက်အစည်းအဝေးကို ဆက်လက်ကျင်းပရာ ၂၀၂၁ ခုနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အိုင်စီတီကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ချက် နှင့်တိုးတက်မှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်အးဝေး (ASEAN Digital Senior Officials’ Meeting-ADGSOM) နှင့် အာဆီယံဆက်သွယ်ရေးဥပဒေပြု သူများကောင်စီအစည်းအဝေး (ASEAN Telecommunication Regulators’ Council Meeting – ATRC) အောက်မှ ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး အတည်ပြုခြင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ နေပြည်တော် ကြေညာချက် (Nay Pyi Taw Declaration) အားမှတ်တမ်းတင်ခြင်းနှင့် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ် ဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန်ချက် (Joint Media Statement) အပေါ် ဆွေးနွေးအတည်ပြုကာ အစည်းအဝေး ပထမနေ့အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။

    အာဆီယံ အနေဖြင့် ၂၀၀၁ ခုနှစ်မှ စတင်၍ ဝန်ကြီးများအဆင့် အစည်းအဝေး များအား ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (Telecommunications and Information Technology Ministers’ Meeting-TELMIN)” အမည်ဖြင့် (၁၉) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်မှစ၍ အဆိုပါ အစည်းအဝေးအား “အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေး (ASEAN Digital Ministers’ Meeting-ADGMIN)” အဖြစ် အမည်ပြောင်းလဲကျင်းပခဲ့ပါသည်။ အစည်းအဝေးများအား အက္ခရာစဉ် အလိုက် အလှည့်ကျလက်ခံကျင်းပခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် (၁၁) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်တွင် တစ်ကြိမ် လက်ခံကျင်းပ ခဲ့ပြီး၊ ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဝန်ကြီးများ အဆင့် အစည်းအဝေး ဖြစ်ကြောင်း သတင်းရရှိပါသည်။

     ယခုနှစ်အစည်းအဝေးအား အာဆီယံစီးပွားရေး၏ အလုံးစုံဖွံ့ဖြိုးတိုးတက်မှု များတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၏ အရေးပါမှုကိုအသိအမှတ်ပြုပြီး ဒေသတွင်း ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် ခံစားခဲ့ရသော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို လျော့ပါး သက်သာစေရန်၊ အာဆီယံဒစ်ဂျစ်တယ်မဟာဗျူဟာ ၂၀၂၅ တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့်အကြောင်းအရာများ၊ ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်နှင့် ၂၀ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း ကောင်စီ (ASEAN Economic Community Council - AECC) အစည်းအဝေးက အတည်ပြုခဲ့သော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး အစီအစဉ်အား အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

  ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ဒုတိယနေ့ကို (၂၈.၁.၂၀၂၂) ရက်နေ့တွင် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။