နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေပြည်တော်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ ညအပူချိန်များမှာ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ ဆဲလ်စီးယပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ တီးတိန်မြို့တွင် ၁၄.၀ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၁၅.၅ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့တွင် ၁၆.၅ ဒီဂရီဆဲလ်စီးယပ်၊ တောင်ကြီးမြို့တွင် ၁၇.၈ ဒီဂရီဆဲလ်စီးယပ်နှင့် နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)၊ ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် ၁၈.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ သရက်မြို့တွင် ၃.၅၄ လက်မ၊ ရန်ကုန်(ဗိုလ်တထောင်မြို့နယ်)နှင့် လှည်းကူးမြို့တို့တွင် ၂.၈၇ လက်မစီ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂.၆၄ လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် ၂.၄၃ လက်မ၊ အောင်လံမြို့တွင် ၂.၀၅ လက်မ၊ မှော်ဘီမြို့တွင် ၁.၉၇ လက်မ၊ ဒေးဒရဲမြို့တွင် ၁.၇၈ လက်မ၊ ဥက္ကံမြို့နှင့် အုတ်ဖိုမြို့တို့တွင် ၁.၇၇ လက်မစီနှင့် ပေါင်မြို့တွင် ၁.၆၁ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်နှင့် ကချင် ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာ ကွက်၍ မိုးကြီးမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

