ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ တက်ရောက်ပညာသင်ကြားနေသော အရာရှိလောင်းများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ချင်းတွင်း)ဖြင့် ရန်ကုန်-ကိုကိုးကျွန်း-ဟိုင်းကြီးကျွန်း-ရန်ကုန် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းခရီးစဉ် (Sea Training) သွားရောက် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းတွင် သီလဝါဆိပ်ကမ်း (Hyundai ဆိပ်ခံတံတားအနီး)မှ ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းတွင် ကိုကိုးကျွန်းသို့ ‌ရောက်ရှိ ညအိပ်ရပ်နားခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ အုပ်ချုပ်သူများနှင့် အရာရှိလောင်းများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အမှတ်(၃)စစ်ဗျူဟာမှူး၊ အမှတ်(၂၈)ရေတပ်အခြေစိုက်စခန်းမှူး၊ ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများက နွေးထွေးစွာကြိုဆို၍ မြို့နယ်ခန်းမ၌ ကိုကိုးကျွန်းနှင့် ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အရာရှိလောင်းများသည် ကိုကိုးကျွန်းကမ်းခြေတဝိုက်ရှိ ဂျပန်ခေတ် ခံကတုတ် ဘန်ကာများနှင့် မြို့နယ်ပတ်ဝန်းကျင်များအား လှည့်လည် ကြည့်ရှု့လေ့လာ့ကြပြီး ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းသို့ရောက်ရှိရာ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်ခန်းမ၌ ဌာနချုပ်မှူးက ဟိုင်းကြီးကျွန်းနှင့်ပတ်သက်သည့် ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားပါသည်။

မွန်းလွှဲပိုင်းတွင် အုပ်ချုပ်သူ/နည်းပြများနှင့် အရာရှိလောင်းများသည် စစ်သူကြီး မင်းရဲကောင်းပုံ၏ သမိုင်းဝင်နေရာ၊ ကပ္ပလီရွာကမ်းခြေအလှနှင့် မော်တင်စွန်းဘုရားသို့ သွားရောက် လေ့လာဖူးမျှော်ခဲ့ကြပြီး ညနေပိုင်းတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူးက တည့်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ အရာရှိ‌လောင်းများသည် စစ်ရေယာဉ်(ချင်းတွင်း)ပေါ်တွင် Life Boat, Anchor များနှင့် သက်ဆိုင်သော လေ့လာမှုများ၊  အင်ဂျင်များဆိုင်ရာ  လေ့လာသင်ကြားမှုများ  ဆောင်ရွက်ပြီး  ဖေဖော်ဝါရီ   ၂၈   ရက် နေ့လည်ပိုင်းတွင် သီလဝါဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ဌာနမှူးများ၊ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများမှပျော်ရွှင်နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ တာဝန်ခံ ရေကြောင်းဌာနမှူး ကပ္ပတိန် ဦးကျော်ကျော်ဝင်း ဦးဆောင်ပြီး ရေကြောင်းပညာအထူးပြုဘာသာရပ် (Nautical Science)မှ ပထမနှစ် အရာရှိလောင်း (၁၂၁)ဦး၊ ဒုတိယနှစ် အရာရှိလောင်း (၉၀)ဦး၊ ရေကြောင်း အင်ဂျင်နီယာ အထူးပြုဘာသာရပ် (Meritime Technology)မှ ပထမနှစ် အရာရှိလောင်း (၁၂၃)ဦး၊ ဒုတိယနှစ် အရာရှိလောင်း (၈၀)ဦး၊ ရေကြောင်းလျှပ်စစ်နည်းပညာ အထူးပြု ဘာသာရပ်(Marine Electrical Technology)မှ ပထမနှစ် အရာရှိလောင်း (၃၈)ဦး၊ ဒုတိယနှစ် အရာရှိလောင်း (၉)ဦး၊ စုစုပေါင်း (၄၆၁)ဦးနှင့် အုပ်ချုပ်သူ/နည်းပြများ (၂၀)ဦး လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းများအနေဖြင့် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း(Sea Training)တွင် ပင်လယ်ပြင်နေ့စဉ်လုပ်ဆောင်မှု (Daily Sea Routine Work)၊ ရေယာဉ်ကိုင်တွယ်ထိန်းသိမ်းရေးဘာသာရပ် (Ship Handling)၊ ကမ်းရိုးတန်းသွားလာမှု (Coastal Navigation)၊ ပင်မအင်ဂျင်များ၊ မီးစက်များ၊ ပန့်/မော်တာများ၊ အီလက်ထရွန်နစ်ပစ္စည်းများကို လက်တွေ့ကိုင်တွယ် မောင်းနှင်ခြင်းများနှင့် အရေးပေါ်မီးသတ်လေ့ကျင့်ခန်းများအပါအဝင် သင်ကြားနိုင်ခဲ့ခြင်းကြောင့် ရေကြောင်းပညာရပ်များကို စာတွေ့ရော၊ လက်တွေ့ပါ ပိုမိုနားလည် သဘောပေါက်စေသည့် အားသာချက် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်