နေပြည်တော်၊ ဇန်နဝါရီ ၁၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (6th ASEAN Digital Ministers’ Meeting – 6th ADGMIN and Related Meetings with Dialogue Partners) သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ Myanmar Airways International လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိသည်။
(၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးအား အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကို Melia Hanoi Hotel ၌ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Pham Minh Chinh မှ တက်ရောက်အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးသည်။
(၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးကို “Adaptive ASEAN– From Connectivity to Connected Intelligence” ခေါင်းစဉ်ဖြင့် ပြုလုပ်ရာတွင် ဗီယက်နမ်နိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Nguyen Manh Hung မှ သဘာပတိအဖြစ် ဆောင်ရွက်သည်။ အစည်းအဝေးတွင် အာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဘေးကင်းလုံခြုံမှု၊ ကျင့်ဝတ်ရှိမှုနှင့် အားလုံးပါဝင်သော AI အသုံးပြုမှုကိုမြှင့်တင်၍ သမားရိုးကျဆက်သွယ်ပေါင်းစည်းမှု ကဏ္ဍများတွင် ဉာဏ်ရည်တုစနစ်များကို အခြေခံ၍ ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အစည်းအဝေး၏ခေါင်းစဉ်သည် ASEAN ၏ ဆက်သွယ်မှုကွန်ရက်များကို ဉာဏ်ရည်တုစနစ်များဖြင့် အားဖြည့်ထားပြီး ယုံကြည်စိတ်ချမှု အပြည့်ရှိကာ ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သည့် ဆက်သွယ်ပေါင်းစည်းမှုပုံစံ တစ်ခုအသွင်သို့ပြောင်းလဲတက်လှမ်း တည်ဆောက်ရန် ဟူသည့် ASEAN ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည့်အတွက် ထောက်ခံပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပြီး AI ကို ဘေးကင်းလုံခြုံ၍ ကျင့်ဝတ်ရှိသည့်ပုံစံဖြင့် အသုံးပြုနိုင်ရေးအတွက် ခိုင်မာပြီး သင့်တော်သည့် စီမံအုပ်ချုပ်မှုစနစ်ရှိရန် ဆောင်ရွက်နေခြင်း၊ လုံခြုံမှုရှိသည့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ ယုံကြည်စိတ်ချရသော နယ်စပ်ဖြတ်ကျော်ဒေတာစီးဆင်းမှု (trusted cross-border data flow) ကိုအားပေးခြင်းနှင့် ပြည်သူ့ဗဟိုပြု digital government စနစ် ဖြစ်ထွန်းစေရေး ဆောင်ရွက်ခြင်းတို့ကို ထောက်ခံပါကြောင်း၊ ASEAN ဒေသတွင်း AI အုပ်ချုပ်မှုကို ပူးပေါင်းဖော်ဆောင်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်မှုကွာဟသည့် အခြေနေကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံအလိုက် လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်စေရေး ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း၊ ASEAN Digital Masterplan 2030 ပါ အာဆီယံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရာမှာ အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့အား အဓိကအားဖြင့် ဆွေးနွေးပြောကြား သည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများအား ပြန်လည်သုံးသပ်ခြင်း၊ ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းများအား အတည်ပြုခြင်း၊ စီမံကိန်းများအတွက် ဘဏ္ဍာငွေအတည်ပြုခြင်း၊ online scam တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးမြှင့်တင်ရေး၊ အေအိုင်ဖွံ့ဖြိုးတိုးတက်မှု စနစ်တကျဖြစ်စေရေး စသည့်အကြောင်းအရာများတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးအတည်ပြု ကြသည်။
(၆) ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁၂:၃၀ နာရီခန့်တွင် အာဆီယံဒစ်ဂျစ်တယ်မဟာဗျူဟာ ၂၀၃၀ အတည်ပြု ထုတ်ပြန်သည့် အခမ်းအနားအပြီးတွင် ပိတ်သိမ်းခဲ့သည်။ အစည်းအဝေးတွင် ဟနွိုင်းဒစ်ဂျစ်တယ်ကြေညာချက် (Hanoi Digital Declaration) ကို အတည်ပြု ထုတ်ပြန်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် Melia Hanoi Hotel တွင် ဗီယက်နမ်နိုင်ငံအစိုးရမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် ASEAN Digital Awards 2026 ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ ASEAN Digital Awards 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့ Tem Europa အဖွဲ့မှ Digital Startup ကဏ္ဍအောက်မှ Green Globe: Waste Management for a Better World! ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တတိယဆု ရရှိခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ ၁၄ ရက်နေ့၊ ညနေ (၁၇:၃၀) နာရီတွင် 2026 China-ASEAN Digital Ecosystem Cooperation Networking Event သို့ တရုတ်နိုင်ငံ၊ China Academy of Information and Communications Technology ဌာန၏ ဖိတ်ကြားမှုဖြင့် တက်ရောက်ပြီး Keynote speech ပြောကြားသည်။ ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးမှ ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်စနစ်များသည် ပိုမိုယုံကြည် စိတ်ချရလာပြီး ပိုမို၍ ပြည်သူဗဟိုပြု ဖြစ်လာပါကြောင်း၊ သို့သော် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ချိတ်ဆက်မှု (Connectivity) တစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ နောက်တစ်ဆင့်မှာ intelligence၊ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဆောင်နိုင်မှု (adaptability) နှင့် ဆန်းသစ်တီထွင်မှု (innovation) တို့ လိုအပ်လာပါကြောင်း၊ နည်းပညာအသစ်များ တိုးတက်ပေါ်ထွန်း လာတာနှင့်အတူ မိမိတို့လည်း တိုးတက်လာဖို့လိုပါကြောင်း၊ စိန်ခေါ်မှု ပိုမိုများလာသည်နှင့်အမျှ ပိုမိုစည်းလုံးစွာဖြင့် တုံ့ပြန်ကြရန် လိုလာပါကြောင်း၊ နည်းပညာပိုင်း မြှင့်တင်ရန်သာမက ဒေသတွင်း ပြည်သူများအားလုံးရဲ့ အနာဂါတ်အတွက် အခွင့်အလမ်း ကောင်းများမြှင့်တင်ပေးနိုင်ရန်အတွက်ပါ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးသည်။
(၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၁) နိုင်ငံနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်တို့မှ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်ရှိသူများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

