ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းကို ကြည့်ရှုစစ်ဆေး

၅-၁၂-၂၀၂၂ ၊ ရန်ကုန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဆိပ်ကမ်းသို့ ရောက်ရှိလာရာ၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ အထွေထွေမန်နေဂျာနှင့်အဖွဲ့က ကြိုဆိုခဲ့ကြပြီး၊ ရေယာဉ်ဖြင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသို့ ထွက်ခွါခဲ့ကြသည်။

ဒုတိယဝန်ကြီးအား ဒလသင်္ဘောကျင်း၊ အင်ဂျင်နီယာမှူးကြီးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဒလသင်္ဘောကျင်း ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဒလသင်္ဘောကျင်းသည် ရှေးဟောင်း သမိုင်းဝင်သင်္ဘောကျင်းကြီးတစ်ခု ဖြစ်သည်နှင့်အညီ ရှေးဟောင်းအဆောက်အဦများကို ရေရှည် တည်တံ့စေရေးထိန်းသိမ်းသွားရန်နှင့် ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊ အဆောက်အဦတို့ကို ပြန်လည် ပြုပြင်၍ လိုအပ်သည့် စက်ပစ္စည်းများ၊ စက်ယန္တရားများကို ဖြည့်တင်းပြီး လုပ်ငန်းများ လည်ပတ်နိုင် ရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး အလေး ထားဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ထို့အပြင် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စများကို တတ်နိုင်သရွေ့ ဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း သွားသော်လည်း ထပ်မံမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော SOP များနှင့်အညီ ရုံးဌာန၊ အလုပ်ရုံများတွင် အလေးထားလိုက်နာ ကျင့်သုံးစေရေး အဆင့်အလိုက် ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာဓိဌာန် (၆) ချက် တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းအောင်နေထိုင်သွားကြရန်လည်း မှာကြားခဲ့ပြီး ဝန်ထမ်းများအား အစား အသောက်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်များလွန်းတင်ပြင်ဆင်မှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံနှင့် ပတ်လမ်း၊လွန်းလမ်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးလိုအပ်သည်များကို မှာကြားခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ရက်အမှီ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန