ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် စစ်တွေမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စစ်တွေဆိပ်ကမ်း အမှတ်(၁) ဖောင်တော်ကြီးတံတားနှင့် စစ်တွေ-ကုလားတန်ဆိပ်ခံတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း

၁၃-၆-၂၀၂၂ ရက်နေ့

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်  ၁၃-၆-၂၀၂၂ ရက်နေ့ မွန်းလွှဲ (၂)နာရီတွင် စစ်တွေမြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆိပ်ကမ်းဝင်း အတွင်းရှိ ရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေး ဖြေကြားခဲ့ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များ ကျန်းမာရေး အထူးဂရုပြုကြရန်၊ ဝန်ထမ်းများအနေဖြင့် မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများကို အလေးထား လိုက်နာကြရန်၊ ဌာနအကြီးအကဲများ အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားကြရန်နှင့်  မိမိတို့ဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေဆိပ်ကမ်းအမှတ်(၁) ဖောင်တော်ကြီးတံတားသို့ သွားရောက်ကြည့်ရှုပြီး တံတားကြံ့ခိုင်မှု၊ ရေယာဉ်များ ဆိုက်ကပ်မှုအခြေအနေတို့နှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း စစ်တွေ-ကုလားတန် ဆိပ်ခံတံတားသို့ သွားရောက် ကြည့်ရှုကာ သောင်တူးဖော်မှု အခြေအနေနှင့် တံတားဖွင့်လှစ် လုပ်ငန်းလည်ပတ်နိုင်မည့် အခြေအနေတို့အား မေးမြန်းပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။