ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တည်ဆောက်ခဲ့သည့် တွန်းဆွဲရေယာဉ်အသစ် (၂) စီး လုပ်ငန်းခွင်စတင်ဝင်ရောက်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၃၀)၊ ရန်ကုန်

 

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စက်တင်ဘာလ (၃၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဆိုးတန်းရှိ ကျန်းမာရေးဆိပ်ကမ်း တံတားတွင် ကျင်းပသော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မှာယူ တည်ဆောက်ခဲ့သည့် တွန်းဆွဲရေယာဉ်သစ် (၂) စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၀၈၃၀)နာရီအချိန် ပန်းဆိုးတန်းရှိ ကျန်းမာရေး ဆိပ်ကမ်းတံတားသို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ဆိပ်ကမ်းတံတားများနှင့် သင်္ဘောလိုင်း များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး (Maritime Trade) သည် ကမ္ဘာ့စီးပွားရေးတွင်လည်းကောင်း၊ မြန်မာ့စီးပွားရေးတွင် လည်းကောင်း အလွန်အရေးပါမှုရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဝင်/ထွက်ပေါက် ဖြစ်ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှု တန်ဘိုး စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၆.၇)ဘီလီယံကျော် ရှိသည့်အနက် မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှု တန်ဘိုးသည် (၂၆.၈) ဘီလီယံကျော်၊ ရာခိုင်နှုန်းအားဖြင့် (၇၃ %) ရှိပါကြောင်း၊ နှစ်စဉ်တိုးတက်နေသော နိုင်ငံတော်၏ ရေကြောင်း ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဆိပ်ကမ်းတံတားများကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် အဆင့်မြှင့်တင်ခြင်း၊ ကုန်ကိုင်တွယ် စက်ကိရိယာများ ဖြည့်တင်းခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များကို စုဆောင်း လေ့ကျင့် ပျိုးထောင်ခြင်း၊ နည်းပညာကို ထိရောက် အကျိုးရှိစွာ အသုံးချခြင်းတို့ကို နိုင်ငံတကာ နည်းတူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုအခါ ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု Public-Private Partnership ၏ ရလဒ်ကောင်း များကြောင့် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများ တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား စုစုပေါင်း (၄၅)စင်း ရှိလာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းကို ဝင်/ထွက် သွားလာသည့် ကုန်သွယ်သင်္ဘောကြီးများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ရေလမ်းကြောင်း ကောင်းမွန်အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းအပြင် ခေတ်မီစက်ယန္တရားများလည်း ဖြည့်တင်းရန် လိုအပ်ပါကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ ယခုတွန်းဆွဲရေယာဉ်သစ်နှစ်စီးကို ဖြည့်တင်းပေးနိုင်ခဲ့သဖြင့် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများကို ယခင်ထက် ပိုမိုဘေးကင်း လုံခြုံစွာ ဝန်ဆောင်မှုများ ပေးနိုင် တော့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပြင်းထန်နေချိန်တွင် နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများရပ်တန့်ခြင်းမရှိအောင် ပိတ်ရက်မရှိ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်း တံတားအသီးသီးမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ နိုင်ငံတကာ သင်္ဘောလိုင်းများနှင့် ပို့ကုန် သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် ကုန်သည်ကြီးများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေယာဉ်(၂)စီးနှင့် စပ်လျဉ်း သည့် အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ပြီး တွန်းဆွဲရေယာဉ်(၂)စီး တည်ဆောက်ခြင်းဆိုင်ရာ Video မှတ်တမ်းကို ပြသခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်မည့် တွန်းဆွဲ ရေယာဉ်သစ် (၂)စီးကို ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော အကြီးအကဲများမှ  ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ရေယာဉ်အား အမွှေးနံ့သာရေ များဖြင့် ပက်ဖြန်းပေးခြင်းနှင့် ရေယာဉ်အား လှည့်လည်ကြည့်ရှု စစ်‌ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

          မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် လက်ရှိ အသုံးပြုလျက်ရှိသည့် တွန်း/ဆွဲရေယာဉ်များထက် စက်စွမ်းအားနှင့် နည်းပညာအရ သာလွန် ကောင်းမွန်သည့် တွန်း/ဆွဲ ရေယာဉ်အသစ်(၂)စီးကို စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁၃.၅၆၃ သန်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။    

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန