ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၃၀)၊ ရန်ကုန်

 

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စက်တင်ဘာလ (၃၀)ရက်နေ့ (၁၄၀၀) နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်) အစည်းအဝေးခန်းမ၌  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရေကြောင်းဘက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဖြစ်သော International Maritime Organization (IMO) Consultant နှင့် International Maritime Law Institute (IMLI)၊ India Ocean MoU၊ အရှေ့တောင်အာရှ ပင်လယ်ပြင် ညစ်ညမ်းမှုကာကွယ် တားဆီးရေးအဖွဲ့ (IMO-IPECA GISEA) တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့များ၏ ကိုယ်စားလှယ်များ၊ Oil Spill Response Limited (OSRL) တို့မှ တာဝန်ရှိသူများနှင့် ဆွီဒင်နိုင်ငံ World Maritime University မှ ကျောင်းသူ/သားများ၊ စုစုပေါင်း နိုင်ငံ(၂၀)မှ ကိုယ်စားလှယ်(၁၈၆)ဦးတို့ Virtual Platform ဖြင့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။

          အခမ်အနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပင်လယ်ရေကြောင်း နေ့ အထိမ်းအမှတ် အခမ်းအနားများအား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ရေကြောင်းပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် အထူးဂရုပြု ဆောင်ရွက်လာနိုင်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများ တွင် နှစ်စဉ် ကျင်းပကြပြီး၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယနေ့ ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၁ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ရေကြောင်းကဏ္ဍ အနာဂတ်၏ ဗဟိုချက်သည် ပင်လယ်ကူးသင်္ဘောသားများဖြစ်သည် (Seafarers: at the core of shipping’s future)” ဟူ၍ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများ ကို သင်္ဘောသားများအား အဓိကကျသော လုပ်သားများအဖြစ် သတ်မှတ်ပေးရန်၊ သင်္ဘောမှဆင်း၍ ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ခွင့်ပြုရေး အထောက်အပံ့များ ပေးရန် တိုက်တွန်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များ ရှိသည့်အတွက် ရန်ကုန်ဆိပ်ကမ်းနှင့် ကော့သောင်းဆိပ်ကမ်းတို့တွင် သင်္ဘောသားများ အတက်/အဆင်းကို ခွင့်ပြုပေးထားပြီး၊ လက်ရှိ အချိန်အထိ မြန်မာ သင်္ဘောသား တစ်သောင်းကျော်ကို သင်္ဘောအတက်/အဆင်း ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံခြားသင်္ဘောသားများနှင့် ရေကြောင်းကဏ္ဍမှ ပုဂ္ဂိုလ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သင်္ဘောလုပ်ငန်းများ ရေရှည် တည်တံ့ ဖွံ့ဖြိုးစေရန် ကိုဗစ်-၁၉ အလွန် ကာလအတွက် ကြိုတင် ပြင်ဆင်ရေးအတွက် ကြိုးပမ်း အားထုတ်ကြရန်၊ ရေကြောင်းကဏ္ဍ အနာဂတ်၏ ဗဟိုချက်သည် ပင်လယ်ကူးသင်္ဘောသားများဖြစ်သည် ဆိုသည့် ဆောင်ပုဒ်အတိုင်း သက်ဆိုင်သူများအားလုံး ပူးပေါင်း၍ အနာဂတ်အတွက် ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဒုက္ခများအကြား ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုကို လုံခြုံချောမွေ့စွာ ပို့ဆောင်ပေးနေသည့် ပင်လယ်ကူး သင်္ဘောသားများကို ချီးကျူး ဂုဏ်ပြုပါကြောင်း ၂၀၂၁ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနား  အဖွင့်အမှာစကားကို ပြောကြားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့၊ အတွင်းရေးမှူးချုပ်က ပေးပို့လာသော သဝဏ်လွှာကို ဖွင့်လှစ် ပြသ ခဲ့ပါသည်။

          ထို့နောက် မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာ လှုပ်ရှား ဆောင်ရွက်ချက်များနှင့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများ စွမ်းဆောင်ရည် တိုးတက်လာစေရေး လေ့ကျင့် ပျိုးထောင်မှုများနှင့် ပတ်သက်၍ Power Point Presentation များ ဆက်လက် ပြသကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန