ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် စစ်တွေလေဆိပ်၊ ကျောက်ဖြူလေဆိပ်နှင့် အမ်းလေဆိပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း

၁၄-၆-၂၀၂၂ ရက်နေ့

     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ ၁၄-၆-၂၀၂၂ ရက်နေ့ နံနက် (၀၈:၀၀) အချိန်တွင် စစ်‌တွေလေဆိပ်သို့လည်းကောင်း၊ မွန်းလွှဲ (၁၃:၀၀) အချိန်တွင် ကျောက်ဖြူ လေဆိပ် သို့လည်းကောင်း၊ မွန်းလွှဲ (၁၄:၀၀)အချိန်တွင် အမ်းလေဆိပ်သို့ လည်းကောင်း ရောက်ရှိရာ သက်ဆိုင်ရာ လေဆိပ် တာဝန်ခံများက လေဆိပ် အဆောက်အဦ အတွင်းရှိ ခရီးသည်များ ရောက်ရှိ/ ထွက်ခွာ ခန်းမဆောင်များတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် ကောင်တာများ နေရာချထားမှု အခြေအနေ၊ CCTV များ တပ်ဆင် ထားရှိမှု အခြေအနေ၊ လေကြောင်းလိုင်း ကောင်တာများ  ထားရှိမှု အခြေအနေ၊ လေဆိပ် မီးသတ်ဌာနနှင့် လေကြောင်းထိန်း မျှော်စင်ပေါ်ရှိ ဆက်သွယ်ရေး ပစ္စည်းများ အခြေအနေနှင့် လေကြောင်း မိုးလေဝသ ဆိုင်ရာ စက်ကိရိယာများ ထားရှိမှု အခြေအနေ တို့ကို လိုက်လံ ရှင်းလင်း တင်ပြပါသည်။

     တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက ခရီးသွားပြည်သူများ လေဆိပ်သို့ ရောက်ရှိ/ ထွက်ခွာသည့် အချိန်များတွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကို သတ်မှတ်ချက်များနှင့် အညီ စစ်ဆေးရန်၊ မလိုလားအပ်ဘဲ အချိန် ကြန့်ကြာမှုများ မရှိစေရန်၊ CCTV ကင်မရာများ အစဉ် ကောင်းမွန်မှု ရှိနေစေရန်၊ ခရီးသွား ပြည်သူများ  အသုံးပြုသည့် ရေအိမ်များ အစဉ် သန့်ရှင်းမှု ရှိနေစေရန်၊ လေကြောင်းထိန်း မျှော်စင်တွင် တပ်ဆင်ထားသည့် ဆက်သွယ်ရေး ကိရိယာများ၊ လေယာဉ် တက်/ဆင်း ပြုလုပ်ရာတွင် အထောက်အကူပြုသည့် ရာသီဥတု သတင်းအချက်အလက်များ ရရှိနိုင်သည့် စက်ကိရိယာများ အစဉ်ကောင်းမွန်နေစေရန်နှင့် လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိပြီး လုံခြုံ စိတ်ချစွာ ပျံသန်း တက်/ဆင်း ပြုလုပ် နိုင်ရေးအတွက် အထူး အလေးထား ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။