ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သင်္ကြန်အတက်နေ့အစီအစဉ်နှင့် သင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ပါဝင် ဆင်နွှဲ

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၆) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ၁၆-၄-၂၀၂၂ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်၌ ကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့ အစီအစဉ်နှင့် သင်္ကြန်မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ညနေ(၁၆၀၀)နာရီတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မြန်မာ့ မီးရထား နေပြည်တော်ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်နေရာသို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ထမ်းမိသားစုများက ကြိုဆိုကြပါသည်။

ဝန်ကြီးဌာန၏ ရေကစားမဏ္ဍပ်တွင် အစီအစဉ်အရ ဝန်ကြီးဌာန လက်အောက်ခံ ဌာန အဖွဲ့အစည်းများမှ ဝန်ထမ်းအမျိုးသမီးငယ်များ၏ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် အလှည့်ကျ ဖျော်ဖြေခြင်း၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းများက သင်္ကြန်အမှတ်တရ တေးသီချင်းများဖြင့် သီဆို ကပြခြင်း၊ စတုဒီသာများဖြင့် ဧည့်ခံ ကျွေးမွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က အဆို၊ အကများဖြင့် ဖျော်ဖြေကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆု‌ငွေများ ချီးမြှင့်ပေးပါသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနား အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနအကြီးအမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများနှင့် မိသားစုများသည် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူခဲ့ကြပြီး အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူး ဆုတောင်းစကား ပြောကြား၍  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းကြောင်း ကြေညာခဲ့ရာ ယိမ်းအဖွဲ့များက အကဖြင့် စုပေါင်းဖျော်ဖြေခြင်း၊ တက်ရောက်လာကြသူများ အားလုံးက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် ဝိုင်းဝန်း သံပြိုင်သီဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ အပြန်အလှန် ရေပက်ကစား နှုတ်ဆက်ကြပြီး အခမ်းအနားအစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန