ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ထူးချွန် ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်/ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခေတ်အဆက်ဆက်တွင် ကောင်းမြတ်သည့်အစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်လာခဲ့ကြသည်မှာ (၅၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်၍ ဌာနဝန်ထမ်း အားလုံးအတွက် အလွန်ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးပေါင်း (၅၅)ရုံးအထိ တိုးချဲ့ဖွင့်လှစ်ပြီး ဌာန၏ လုပ်ငန်းတာဝန်(၆)ရပ်ကို အစဉ်အဆက် ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည်ကို အသိအမှတ်ပြုပါကြောင်း၊ ဌာနအနေဖြင့် မော်တော်ယာဉ်များ၊ ယာဉ်မောင်း လိုင်စင်များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစပြီး နိုင်ငံတော်က မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒကို ဖြေလျှော့ ခွင့်ပြုပေးခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် ယာဉ်စီးရေ (၂.၃)သန်းကျော်သာ ရှိခဲ့ရာမှ လက်ရှိ ၂၀၂၂ ခုနှစ်တွင် ယာဉ်စီးရေ (၇.၂)သန်းကျော်ထိ ဆယ်စုနှစ်ကာလအတွင်း (၃)ဆကျော် တိုးတက် မှတ်ပုံတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဌာန၏ အဓိကလုပ်ငန်းများတွင် IT နည်းပညာအသုံးပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် QR Code ဖတ်ရှုနိုင်သည့် Smart Card ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်အတွက် IT နည်းပညာသုံး ဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်၏ မူဝါဒ၊ မျှော်မှန်းချက် နှင့်အညီ ကောင်းစွာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ National Road Safety Council ၏ Focal Department အဖြစ် NRSC ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် Global Plan for UN’s Decade of Action for Road Safety(2021-2030)နှင့်အညီ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အောင်မြင်စွာ ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ၏ Focal Department အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား ပုံစံ အသစ်များအား ပြောင်းလဲတပ်ဆင်ပေးနိုင်ခြင်းသည်လည်း ဌာန၏ကြိုးပမ်းဆောင်ရွက်မှုတစ်ခု အဖြစ် အသိအမှတ်ပြုပါကြောင်း၊ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍအသီးသီး အတွက် အဓိကကျသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအချင်းချင်း ကူးလူးသွားလာမှု၊ ထိတွေ့ဆက်ဆံမှုအတွက်လည်း အရေးပါလှပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပို့ဆောင်မှု၊ ဆက်သွယ်မှု ကောင်းမွန်မှသာ နိုင်ငံနှင့်ပြည်သူ၏ လူမှုစီးပွားဘဝသည် ကျွဲကူး ရေပါ တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်က ဌာန၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ကြိုးပမ်းထမ်းရွက်ခဲ့ကြသည့် အငြိမ်းစားအရာထမ်း၊ အမှုထမ်းများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေကြဆဲ အရာထမ်း၊ အမှုထမ်းများအားလုံးကို နှစ်ပတ်လည်နေ့ အခါသမယတွင် ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသည့် အမြင်(၄)မြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် မျှော်မြင်ကြပြီး ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်း ထမ်းဆောင်ကြစေလိုကြောင်း၊ "ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံနှင့် ပြည်သူ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် ရည်မှန်းချက်ထားပြီး ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

၎င်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Video Clip အား ပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ အရာရှိကြီးများအားလည်းကောင်း၊ ဒုတိယဝန်ကြီးများက ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများနှင့် သင်တန်းအသီးသီး၌ ထူးချွန်ဆု ရရှိခဲ့ကြသည့် အရာထမ်း/အမှုထမ်းများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဌာန အရာထမ်း/အမှုထမ်းများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းခန်းမ၌ ပြုလုပ်သည့် နှစ်ပတ်လည်နေ့ ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက် အားပေးပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများအားလုံးနှင့် မိသားစု သဖွယ် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

အလားတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံး အသီးသီး၌လည်း (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဌာနမှ အငြိမ်းစားဝန်ထမ်း‌ဟောင်းများအား ဖိတ်ကြား၍ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြု နေ့လယ်စာ စားပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန