ဘင်းမ်စတက် (BIMSTEC) အဖွဲ့ဝင်နိုင်ငံများရှိ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ ပထမအကြိမ် အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်များ တက်ရောက်

 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက် (BIMSTEC) အဖွဲ့ဝင်နိုင်ငံများရှိ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ပထမအကြိမ်အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက် (BIMSTEC) အဖွဲ့ဝင်နိုင်ငံများအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စများပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက် (မူကြမ်း) ပြင်ဆင် ရေးဆွဲရန်အတွက် ဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းတာဝန် ၇ ခုပါဝင်မည်ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများ အလိုက် လုပ်ငန်းတာဝန်တစ်ခုစီကို ဦးဆောင်အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း လုပ်ငန်းတာဝန်တစ်ခုကို တာဝန်ယူ ဦးဆောင်အကောင်အထည်ဖော် ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ ဘင်းမ်စတက်အဖွဲ့တွင် ဘင်္ဂလားဒေရှ့်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း စုစုပေါင်း ၇ နိုင်ငံပါဝင် ဖွဲ့စည်းထားပြီး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး (Trade, Investment, and Development)၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု (Environment and Climate Change)၊ လုံခြုံရေး (Security)၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး (Agriculture and Food Security)၊ လူမှုဆက်ဆံရေး (People-to-People Contact)၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Science, Technology and Innovation) နှင့် ချိတ်ဆက်မှု (Connectivity) ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ ၂၅ နှစ် ရှိပြီဖြစ် ကြောင်းသိရှိရပါသည်။