မိုဘိုင်းဆက်သွယ်ရေးတာဝါများမှ ပြည်သူသို့သက်ရောက်လျက်ရှိသည့် လျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေသည့် လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic Field- EMF) များသည်  နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ သိရှိနိုင်ရန်အတွက် EMF တိုင်းတာရေးစီမံချက် ရေးဆွဲကာ NARDA Safety Test Solution မှထုတ်လုပ်သည့် EMF Measuring Equipment ဖြင့် EMF တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းတာတွေ့ရှိသည့်ရလဒ်များဖြင့် အများပြည်သူသို့ အသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

၂။  ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့များသည် ၂၀၁၉ ခုနှစ် ၊ (ဇွန်လ မှ ဒီဇင်ဘာလ) အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့ရှိ အများပြည်သူဆိုင်ရာနေရာ Public Area (၁၀)နေရာနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ တာဝါတိုင်စုစုပေါင်း (၅၁) တိုင်တို့တွင် EMF တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

၃။  ဆက်လက်၍ EMF တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိသည့် ရလဒ်များပေါ်မူတည်၍ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ တာဝါတိုင်များမှ ရေဒီယိုစက်ပစ္စည်းများ၏ EMF ထုတ်လွှင့်မှုသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူသို့ သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ချိန်ညှိမှုများပြုလုပ်ရန်  မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများသို့ ညွှန်ကြားလျက်ရှိပါသည်။

၄။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့၏ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Commission on Non - Ionizing Radiation Protection (ICNIRP) Safety စံသတ်မှတ်ချက်အောက်တွင်သာရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ် ၊ (ဇွန်လ မှ ဒီဇင်ဘာလ) အထိ EMF တိုင်းတာရေးဆောင်ရွက်ခဲ့သည့် နေရာများအား အောက်ပါအတိုင်း Download ရယူနိုင်ပါသည်။