ISMS နှင့် Project Planning and Management for Software Development သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Project Planning and Management for Software Development နှင့် Information Security Mangement System (ဒုတိယအကြိမ်) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၅၆)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Information Security Management System သင်တန်းသည် ဌာနအတွက် အကျိုးသက်ရောက်မှုရှိမည့် သတင်းအချက်အလက်လုံခြုံရေး စီမံခန့်ခွဲမှုစနစ်တစ်ခု ရေးဆွဲကျင့်သုံးနိုင်ဖို့ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သတင်းအချက်အလက် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားရမည့် Management, Technical နဲ့ Physical ပိုင်းတွေကို နိုင်ငံတကာစံချိန်စံညွှန်းဖြစ်သည့် ISO 27000 နဲ့အညီ စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို သင်တန်းတွင် ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

   ဆက်လက်ပြီး Project Planning and Management for Software Development သင်တန်းသည် သင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း ပထမဆုံးစတင်ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်ပြီး သင်တန်းတွင် ဆော့ဝဲလ်ပရောဂျက်တစ်ခု ဖော်ဆောင်ရာမှာ လိုအပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အခြေခံမူများ၊ ဆော့ဝဲတစ်ခု၏ အဓိကလိုအပ်တဲ့ User Interface Design နှင့် ရေးဆွဲသည့် Code များကို Quality ရှိစေရန် ထည့်သွင်းစဉ်းစားရမည့် အိုင်ဒီယာများ၊ ကဏ္ဍအလိုက် လုပ်ကိုင်နေသည့် Human Resource အသီးသီး၏ Level အလိုက် ဆောင်ရွက်ရမည့် အပိုင်းများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့်  Development အစိတ်အပိုင်းတစ်ခုဆီကို စီမံခန့်ခွဲရုံသာမက ချိတ်ဆက် တွေးခေါ်ပုံတွေကိုပါ သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

   ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ လက်ရှိ ဒစ်ဂျစ်တယ်ရင့်ကျက်ပြည့်စုံမှု (Digital Maturity) အခြေအနေတွေကို စစ်တမ်းကောက်ခံခဲ့ရာတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြည့်စုံမှု (ICT Technology Maturity)၊ အစိုးရ၏ စီမံခန့်ခွဲမှုပုံစံ အသွင်ပြောင်းလည်းခြင်း အဆင်သင့်ရှိမှု (Government’s Readiness to Change)၊ အုပ်ချုပ်မှုစနစ်နှင့် ဖွဲ့စည်းဆောင်ရွက်မှုများပြည့်စုံမှု (Governance and Organizational Maturity) နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်သော ဝန်ထမ်းများရရှိနိုင်မှုနှင့် ပြည့်စုံမှု (ICT Skills Availability Maturity) ဟူ၍ အပိုင်း ၄ ပိုင်းခွဲခြမ်းစိတ်ဖြာ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ICT Skills Availability Maturity အပိုင်းတွင် အစိုးရဌာန အဖွဲ့အစည်းများတွင် ICT/e-Government အထူးကျွမ်းကျင်သည့် ဝန်ထမ်းများ ခန့်အပ်နိုင်မှု အခြေအနေသည် အနည်းငယ်တိုးတက်လာပေမယ့် e-Government ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်နိုင်ဖို့  ICT/eGovernment အထူးကျွမ်းကျင်သည့် ဝန်ထမ်းများအရည်အချင်းနှင့် အရေအတွက်ပြည့်မီစွာ စဉ်ဆက်မပြတ် လေ့ကျင့် မွေးထုတ်ပေးနိုင်ရေးမှာလည်း အရေးကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မိမိတို့ သင်တန်းနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးတက်စေရန် လေ့လာဆည်းပူး၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Information Security Management System နှင့် Project Planning and Management for Software Development သင်တန်းများသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။