Myanmar’s Digital Development Workshop ကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ World Bank နှင့် Korea-World Bank Partnership Facility (KWPF) တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ‘e-Procurement’ နှင့် ‘People-Centric Public Services’ လုပ်ငန်းစဉ်များအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန်၊  နိုင်ငံတကာ၏အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများအား မျှဝေပေးနိုင်ရန်ရည်ရွယ်၍ Myanmar’s Digital Development Workshop ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စနစ်ကူးပြောင်းရေးနှင့် ပတ်သက်၍ ‘e-Procurement’ ခေါင်းစဉ်ဖြင့် နိုင်ငံတကာ အတွေ့အကြုံများ၊ အလေ့အကျင့်များ ကို မျှဝေပေးသွားမည်ဖြစ်သည့်အတွက် ဌာနအသီးသီးတွင် e-Procurement အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ e-Governance Master Plan တွင် ဖော်ပြထားသည့်အတိုင်း G2G နှင့် G2B  ငွေပေးချေမှုများပြုလုပ်ရာ၌ e-Procurement အသွင် ကူးပြောင်းရေးသည် အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင်နိုင်ငံတကာမှ အတွေ့အကြုံများကို လေ့လာသင်ယူနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကူးပြောင်းမှုဖြစ်စဉ်ကို ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် World Bank Digital Development Task Team မှ ကျွမ်းကျင်ပညာရှင် Mr Siou Chew Kuek က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး e-Government ဌာန၊ ညွှန်ကြားရေးမှူး၊ ဝယ်ယူရေးနှင့် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ ဒေါ်နွယ်နီစိုးရင်က ‘e-Procurement in Myanmar and e-Government Survey’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ Ms. Samia Melhem မှ ‘e-Procurement’ နှင့် ‘Deep Dive into Successful Implementation of e-Procurement in developing countries’ ခေါင်းစဉ်များ ဖြင့်လည်းကောင်း ၊ ကိုရီးယားသမ္မတနိုင်ငံ၊ Public Procurement Service၊ Ms. Lee Hyungjin မှ ‘e-Procurement’ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနအသီးသီးမှ CIO များ၊ ACIO များ၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်များအသီးသီး တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။