MyanmarSat 2 ဂြိုဟ်တုကို သြဂုတ် (၇) ရက်နေ့တွင် လွှတ်တင်မည်

MyanmarSat 2 သည် Intelsat Satellite Operator နှင့် ပေါင်းပြီးလွှတ်ခြင်း ဖြစ်ကြောင်း၊ မြန်မာပိုင်သော အပိုင်းကို MyanmarSat 2 ဟု အမည်တပ်ခွင့်ရကြောင်း၊ ဂြိုဟ်တုကို Palo Alto, California, United State က ထုတ်လုပ်ပါကြောင်း၊ ယခင်က SSL ( Space System Loral ) ဟုခေါ်ပြီး ယခု Maxar Technologies ဟု ခေါ်သည့် ကုမ္ပဏီက ထုတ်လုပ်ပါကြောင်း၊ လွှတ်တင်မည့် ဒုံးပျံ Ariane 5 ကို ပြင်သစ်ကုမ္ပဏီ Arianespace က ထုတ်လုပ်ပြီး ၄င်း၏စခန်းတည်ရှိသော တောင်အမေရိကတိုက်၊ မြောက် အတ္တလန်တိတ် ကမ်းခြေတွင်ရှိသည့် Kourou, French Guiana စခန်းက လွှတ်တင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

MyanmarSat 2 ပါဝင်သော Intelsat 39 ဂြိုဟ်တုကို လွှတ်တင်ရန် ဇူလိုင် ၂၄ ရက် လျာထားခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ရပါကြောင်း၊ အကြောင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က လွှတ်တင်သော အာရပ်စော်ဘွားများနိုင်ငံ၏ အနိမ့်ပျံ မြေပြင်လေ့လာရေး ဂြိုဟ်တု ကိုသယ်ဆောင်သွားသော Vega Rocket သည် လွှတ်တင်ပြီး ၉ မိနစ်တွင် ပျက်ကျခဲ့ခြင်းကြောင့် ယခုကိစ္စကိုလည်း သေချာအောင် ပြန်လည် စမ်းသပ်စစ်ဆေးနေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

        တဖန် သြဂုတ်လ ၂ ရက်နေ့ ကို လွှတ်တင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ရက်ရွှေ့ခဲ့ရပါကြောင်း၊ အကြောင်းမှာ ဒုံးပျံ နှင့် အတူလိုက်ပါမည့် (Co-Passenger) ဥရောပ ဂြိုဟ်တု EDRS-C  ၏ စမ်းသပ်စစ်ဆေးမှုများ မပြီးသေးခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ MyanmarSat 2 ဂြိုဟ်တုကို စမ်းသပ်စစ်ဆေးမှုများ ပြီးစီးပြီ ဖြစ်၍ သြဂုတ်လ ၆ ရက်နေ့ ဒေသ စံတော်ချိန် ညနေ ၄:၃၀ နာရီ မြန်မာစံတော်ချိန် သြဂုတ်လ ၇ ရက်နေ့ မနက် ၂ နာရီ လွှတ်တင်ရန် ရည်ရွယ်ထား ပါကြောင်း သိရှိရ ပါသည်။